ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) မုံးကိုးဒေသ ကောင်းလုံကျေးရွာရှိ ဒေသခံပြည်သူများက စစ်ရေးပြင်းထန်လာမှာကို စိုးရိမ်ခြင်းကြောင့် နိုဝင်ဘာ ၆ ရက်နေ့က နမ့်ဟကျေးရွာဘက် တိမ်းရှောင်သွားကြကြောင်း သိရပါတယ်။

ကျေးရွာနဲ့ မနီးမဝေးနေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီးများ ကျေးရွာအတွက် ကျရောက်ပေါက်ကွဲမှုတွေ ရှိလာခဲ့သလို စစ်ကောင်စီတပ်က ကျေးရွာတွင် တပ်စွဲနေရာယူကာ အနီးဝန်းကျင်ဘက် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ခြင်းကြောင့် တိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ပါတယ်။
“ဒီမနက်ကစပြီးတော့ မုံးကိုးမြို့ဘက် ပြန်ဆင်းသွားကြပြီး နမ့်ဟမှာလည်း မရှိတော့ဘူး၊ မြန်မာစစ်တပ်က ကောင်လုံကျေးရွာမှာ တပ်စွဲနေရာယူထားတော့ အားလုံးက စိုးရိမ်တယ်လေ ကျေးရွာဘက်လည်း မပြန်ကြတော့ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကောင်လုံကျေးရွာရှိ စစ်ဘေးရှောင်တဲ့ အိမ်ထောင်စု (၃၀) ဝန်းကျင်ရှိကာ နိုဝင်ဘာ ၈ ရက်နေ့မှာတော့ မုံးကိုးဘက် ပြန်လည်ပြောင်းရွေ့ခဲ့ကြတာဖြစ်ပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ကောင်လုံကျေးရွာတဝိုက်တွင် နိုဝင်ဘာ ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။