ကေအိုင်အေ သိမ်းပိုက်ထားတဲ့ ဝခါးမှော်တပ်စခန်းကို လေကြောင်း၊ ကုန်းကြောင်းနဲ့ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်လာ

တနိုင်း-လီဒိုလမ်းမအနီးရှိ ဝခါးမှော်တွင် ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၄)ရဲ့ ဝခါးရှေ့တန်းစခန်းတစ်ခုကို ဂျက်လေယာဉ်များဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိချိန် မနက် ၁၀ နာရီခန့်တွင် မြစ်ကြီးနားလေတပ်စခန်းကနေ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် ဝခါးမှော် ရှေ့တန်းစခန်းတဝိုက်ဘက် ၃ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပြင် တပ်မ (၈၈)နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကလည်း မြေပြင်ထိုးစစ်အဖြစ် တိုက်ခိုက်လာကာ အဆိုပါရှေ့တန်းစခန်းကို ဝင်ရောက် နေထိုင်နေကြောင်း သိရပါတယ်။

ထို့အပြင် ရှဒူးဇွပ်တပ်စခန်းဖြစ်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၉၇) ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ကူတာတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဝခါးမှော် ရှေ့တန်းစခန်းက အကြမ်းဖက် စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ စခန်းတစ်ခုဖြစ်ကာ ဇွန်လပိုင်းတွင် ကေအိုင်အေတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စခန်းတစ်ခုဖြစ်ပြီး ယနေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ နောက်တစ်ကြိမ်ထပ်မံ လေကြောင်းအသုံးပြုကာ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ကေအိုင်အေတပ်များ ဝခါးမှော်စခန်းကနေ ဆုတ်ခွာထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့က ကေအိုင်အေတပ်ရင်း (၁၄) ဘက် ဒရုံးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်း ၂ ကြိမ် လုပ်ဆောင်ခဲ့မှု ရှိခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကြား စစ်ရေးတင်းမာနေတာ ဇွန်လပိုင်းကတည်းကဖြစ်ပြီး နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေကလည်း ရှိနေတာဖြစ်ပါတယ်။

Leave a Reply

*