သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ မုံကိုးဒေသ ဖါ့ဖိတ်ကျေးရွာနဲ့ နမ့်တောင်ကျေးရွာကြားတွင် မတ်လ ၉ ရက်နေ့ မနက်ပိုင်း ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မြန်မာစစ်တပ် တပ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ခလရ (၂၈၇) တပ်က ကေအိုင်အေတပ်စွဲထားရာနေရာဘက်ကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာတာကြောင့် တပ်ရင်း (၃၆) လက်အောက်ရှိ တပ်ခွဲ (၅)အဖွဲ့က ခုခံတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
“မြန်မာစစ်တပ်အနေဖြင့် တောင်အောက်ဘက်ပြန်ဆုတ်သွားတာမျိုးမရှိသေးဘူး၊ ကျတော်တို့ ကေအိုင်အေတွေ တပ်စွဲထားတဲ့နေရာတွေမှာ စစ်ရေးလှုပ်ရှားတာတွေလုပ်နေသရွေ့တော့ စစ်ပွဲဖြစ်မှာပါပဲ” လို့ ရှေ့တန်းရောက် တာဝန်ရှိစစ်သည်တစ်ဦးပြောပါတယ်။
ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေတဝိုက် မကြာခဏဆိုသလို ကြိုကြားကြိုကြားတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်ကာ မြန်မာစစ်တပ်အနေဖြင့် စစ်အင်အားတိုးချဲ့မှုတွေလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေတာကြောင့် သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ နယ်မြေအများစုတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေအုံးမှာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
သျှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားနေမှုက ဖေဖော်ဝါရီလကတည်းက ဖြစ်ပြီး မတ်လ အတွင်းမှာတော့ နေရာဒေသအတော်များများမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။