သျှမ်းပြည်မြောက်ပိုင်း နန့်ဖက်ကာမြို့နယ် ဂါးလျန်တွင် ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့ မေလ ၂၃ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက်မှာပင် မူဆယ်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကာ မည်သည့်အဖွဲ့နဲ့ ဖြစ်ပွားခြင်းကိုတော့ အတိအကျမသိရှိကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
“မူဆယ်ဘက်မှာလည်း ယနေ့မနက်က ဘယ်အဖွဲ့နဲ့တိုက်ပွဲဖြစ်တာလည်းတော့မသိဘူး၊ ၁၀၅မိုင် ကုန်သွယ်ဇုံမှာဖြစ်တာ၊ ကားတွေ လာလာရပ်နားတဲ့ နေရာမှာ မနေ့ကလည်း မိုင်း ၃ လုံးပေါက်ကွဲတာတွေ ရှိခဲ့တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ယမန်နေ့မှာလည်း မုန်းစီးဒေသမှာ ကေအိုင်အေ အမှတ် (၂) ခြေမြန်တပ်ရင်းနဲ့ အမှတ် (၄၃) ခြေလျင်တပ်ရင်း နယ်မြေဖြစ်တဲ့ ဂျမ်ဘွမ်လမ်းစုံတွင် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထိုနေ့မှာပင် ကေအိုင်အေဌာနချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ (၅) တပ်ရင်း (၂၅) လွယ်ဂျော်အနီးတွင် စစ်ကောင်စီတပ်ဘက်မှ ၇၉-မမ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ကေအိုင်အေတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက နေ့စဉ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ကျေးရွာအတွင် ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူများရဲ့ နေအိမ်ပျက်စီးမှုတွေအပြင် သေဆုံးမှုတွေအထိရှိခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် တလွှား ခရီးသွားလာရင်း မသင်္ကာမှုဖြင့် လူငယ် ၆၀ ကျော်ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။