သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) နယ်မြေမှာ ယမန်နေ့ ဧပြီ ၇ ရက်နေ့က ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ၂ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

စစ်အင်အား (၃၀) ကျော်ပါဝင်တဲ့ စစ်ကာ ၄ စီးဖြင့် ကွတ်ခိုင်မြို့ကနေ လာရောက်တဲ့စစ်ကြောင်းမှ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်လာတာကြောင့် ကေအိုင်အေနယ်မြေဖြစ်တဲ့ မန်ပိန်ကျေးရွာရှိ တပ်ရင်း (၃၉) မှခုခံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ကေအိုင်အေ တပ်ရင်း (၈) နယ်မြေ မုံယုံနဲ့ ဒွမ်ဂန်ကျေးရွာကြားတွင်လည်း နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၄၂၇)မှ ကေအိုင်အေနယ်မြေဘက်ကို ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတာကြောင့် စောင့်ကြိုခုခံတိုက်ခိုက်ခဲ့ကြပါတယ်။
“မုံယုံနဲ့ ဒွမ်ဂန်ကြားမှာ တိုက်ပွဲဖြစ်တာပါ၊ ကျတော်တို့ရှိတဲ့နေရာဘက်ကို သူတို့ရောက်လာတော့ ကျတော်တို့ကလည်း စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာပေါ့” လို့ ရှေ့တန်းရောက်စစ်သည်ကပြောပါတယ်။
ဧပြီ ၆ ရက်နေ့တုန်းကလည်း ကေအိုင်အေတပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေဖြစ်တဲ့ နမ့်ဖက်ကာကျေးရွာအုပ်စု နာ့ကောင်ကျေးရွာအထက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။