ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၂၇ အခြေစိုက်တဲ့ အူလန်းပါဒေသ၊ ကွမ်ဖျပါတွင် အောက်တိုဘာ ၁၆ ရက်နေ့ ယနေ့မနက် ၁၀ နာရီခန့်တွင် ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် ခလရ ၁၅၊ ၁၂၁ နဲ့ ခမရ ၃၆၈ တို့ပူးပေါင်းထားတဲ့ အင်အား ၇၉ ဝန်းကျင်ရှိ စစ်ကြောင်းက မုန်းခေါင်ဘက် ထိုးစစ်ဆင်လာတာကြောင့် KIA ဘက်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခြင်းကို ၄ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ထို့အပြင် ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ မုံးကိုးဒေသ၊ တီးမကျေးရွာ၊ မန်ကန်တောင်အနီးတွင် ယနေ့ နေ့လည် ၁၁ နာရီခန့်တွင် ကေအိုင်အေ တပ်စခန်းဘက် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် ကေအိုင်အေတပ်ဘက်မှ ခုခံတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မုံးကိုး-ဖောင်းဆိုင်ဒေသထဲမှာပင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေလည်းရှိနေပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် မုံးကိုး-ဖောင်းဆိုင်တွင် တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ်က လွယ်ငူတောင်ဘက် ညနေပိုင်း ၂ နာရီခန့်အထိ လက်နက်ကြီး လက်နက်ငယ်ဖြစ် ပစ်ခတ်မှု ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။