ကေအိုင်အေ တပ်မဟာ (၃) ခုတွင် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄)၊ တပ်မဟာ (၈)နဲ့ တပ်မဟာ (၉) ဒေသများတွင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုနဲ့ ကေအိုင်အေတပ်ကြား ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-State) ဟူနောင်နဲ့ နမ်ဂွတ်ကျေးရွာကြားတွင် အာဏာသိမ်းစစ်တပ် တပ်မ ၉၉ နဲ့ ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) နဲ့ တပ်ရင်း (၂၉) ပူးပေါင်းအဖွဲ့နဲ့ ယနေ့နေ့ ညနေပိုင်း ၃ နာရီခွဲကနေ ၄ နာရီအချိန်တွင်း ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် ကွတ်ခိုင်နဲ့ နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးဖြင့် ပစ်ကူတာတွေ လုပ်ဆောင်ခဲ့သလို တိုက်ပွဲဆက်လက်ဖြစ်ပွားလာဖွယ် ရှိနေသေးကြောင်း ကေအိုင်အေ ရှေ့တန်းခစန်းထံမှ သိရပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာတော့ မိုးညှင်းမြို့ရှိ အာဏာသိမ်းစစ်တပ် ခမရ (၃၈၅) တပ်ကနေ စစ်ယာဉ်တန်း (၄) စီးဖြင့် စစ်ရေးလှုပ်ရှားလာခြင်းကို ကေအိုင်အေ တပ်မဟာ (၈) မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ကာ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။

ထို့အပြင် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) ဒေသဖြစ်တဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက်တွင်လည်း ယမန်နေ့ ၂ နာရီခွဲခန့် စစ်ကောင်စီတပ်ရဲ့ စစ်ကားတစ်စီးကို ဆယ်ဇင်းနဲ့ တာမခန်ကြား ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပူတာအိုခရိုင် မချမ်းဘော့မြို့တွင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၈ နာရီခန့်တွင် အာဏာသိမ်းစစ်တပ် ခလရ (၁၃၇) တပ်နဲ့ ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၇) ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*