ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် ဇူလိုင် ၁၆ ရက်နေ့က စတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေဘက် ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့မနက် ၅ နာရီခန့်တွင် ဂျက်တိုက်လေယာဉ် တစ်စီး ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
နေ့လည်ပိုင်း ၁ နာရီခန့်မှာတော့ ဆယ်ဇင်းဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် စစ်လက်နက်ခဲယမ်းများ လာရောက်ဖြည့်တင်းတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ကျန်တစ်စီးကတော့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတဲ့နေရာဘက် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က ဆယ်ဇင်းကျေးရွာဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ဇူလိုင် ၁၆ ရက်နေ့ကတည်းက KIA, KPDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းကြောင့် ဂျက်တိုက်လေယာဉ်အသုံးပြုကာ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ထို့အပြင် ဝိုင်းမော်မြို့နယ် နန်ဇော်ယာဉ်ကျေးရွာတဝိုက်ဘက် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၅၈) တပ်မှ ၁၂၀-မမ ယူဆရတဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ကာ ဝူထောင်ဘွမ်၊ ဗျင်ပူကုန်းတပ်စခန်းများကလည်း အနီးဝန်းကျင်ဘက် ၆၀-မမ လက်နက်ဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ကေအိုင်အေ တပ်မဟာ (၂), (၅)နဲ့ (၉) ဒေသဘက် စစ်ရေးတိုးမြင့်ကာ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေသလို ကေအိုင်အေ ရှေ့တန်းစခန်းအထိ တိုက်ခိုက်လာမှုတွေ ရှိလာခြင်းကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်ဖွယ် ရှိနေပါတယ်။