ကေအိုင်အေ တပ်မဟာ ၂ ခုတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

တနိုင်း-လီဒိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၅ နယ်မြေ ရှင်ဗွေယန်မြို့နယ်ခွဲ လဂျားဘွမ်နဲ့ တရုံကျေးရွာကြားတွင် အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၉ နာရီခန့်တွင် ထိုနေရာတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

စစ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းက မနက်ပိုင်းတွင် တနိုင်းမြို့ကနေ ကားဖြင့်ရောက်ရှိလာတဲ့ စစ်ကြောင်းဖြစ်ကာ တရုံဘက် ခြေလျင်ဖြင့် ဆက်လက်ချီတက်လာစဉ် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၁၅ နယ်မြေ မိုးမောက်နဲ့ ခဝှမ်ဘန်ကြား မနက် ၆ နာရီခွဲခန့်တွင် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်အင်အား ၆၀ ရှိတဲ့ စစ်ကောင်စီတပ်က လော်ဒန်ဘက်ကနေ ခြေလျင်ဖြင့် ထိုးစစ်ပြုလုပ်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားအပြီးတွင် စစ်ကောင်စီတပ်က ခဝှမ်ဘန်နဲ့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ နေရာတဝိုက်တွင် မနက် ၈ နာရီခန့်အထိ ရှိနေခဲ့ကာ အနီးဝန်းကျင်ဘက် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကာ မိုးမောက်တွင်း ခရီးသွားလာနေသူများကိုလည်း စစ်ဆေးခြင်းတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*