ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်မဟာ (၁)၊ တပ်မဟာ (၈)နဲ့ တပ်မဟာ (၉) နယ်မြေများတွင် အာဏာသိမ်းစစ်တပ်နဲ့ ယနေ့ မေလ ၃၀ ရက်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖာ့မာနဲ့ လုံရှာယန်ကျေးရွာအကြား မုံယားချောင်းအနီးတွင် ယနေ့ မေလ ၃၀ ရက် နေ့လည် ၁၁ နာရီခွဲခန့်တွင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၇) နဲ့ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေ တပ်ရင်း (၇) နယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကာ ယမန်နေ့တွင်လည်း ထိုနေရာအနီးတွင် ၂ ကြိမ်တိုင် တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။
ကေအိုင်အေတပ်မဟာ (၈) တပ်ရင်း (၅) တည်ရှိရာ ကသာမြို့နယ် မိုးတားကြီးကျေးရွာတွင် ယနေ့ ၉ နာရီခွဲတွင် ကချင်ပြည်နယ် စစ်အင်အားဖြည့်တင်းဖို့ သွားလာနေတဲ့ အာဏာသိမ်းစစ်တပ်ကို ကေအိုင်အေတပ်မှ စောင့်ကြိုကာ ခြုံခိုတိုက်ခိုက်ခဲ့အပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေ နန့်မွန်းအနီးတွင် ယနေ့ မနက် ၁ နာရီအချိန်ခန့်တွင် အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းခစန်းထံမှ သိရပါတယ်။
ထို့ပြင် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် တနိုင်းချောင်းအောက်ဘက် တလူးကျေးရွာအနီး အာဏာသိမ်းစစ်တပ်မှ စစ်လေယာဉ် ၅ စီးဖြင့် ဗုံး ၆ လုံး လာရောက် ဗုံးကြဲတိုက်ခိုက်စဉ် တလူးမူလတန်းကျောင်း ဗုံးထိမှန်ပြီး မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရှိရကာ ထိုဒေသက ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၄) တည်ရှိရာ နယ်မြေဖြစ်ပါတယ်။