သျှမ်းပြည်မြောက်ပိုင်း မုံရော်ကျေးရွာနဲ့ ဘန်ရှောင်ကျေးရွာကြားတွင် မတ်လ ၂၆ ရက်နေ့ နေ့လည် ၁၀ နာရီအချိန်ခန့်တွင် ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၁၇) နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

ဘန်ရှောင်ကျေးရွာဘက်မှ စစ်သား ၅၀ ပါတဲ့ စစ်ကားတစ်စီးဖြင့် ကေအိုင်အေနယ်မြေဘက်ကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတာကြောင့် တပ်ရင်း (၁၇) မှ ခုခံတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
“မြန်မာစစ်တပ်ဘက်ကတော့ တပ်တွေရောထွေးနေတာပါ၊ ဘန်ရှောင်ကျေးရွာပတ်လည်မှာ စစ်ကားနဲ့တက်လာတဲ့သူတွေဖြစ်တယ်၊ ကျတော်တို့ရှိတဲ့ဘက်ကို ရောက်လာတော့ မိနစ် ၂၀ လောက်နီးပါးတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ” လို့ ရှေ့တန်းစစ်မျက်နှာရောက်နေသူ စစ်သည်တစ်ဦးကပြောပါတယ်။
မတ်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တုန်းကလည်း ကဇူးကျေးရွာဘက် အာဏာသိမ်းစစ်တပ်မှ စစ်အင်အားအကူအညီအဖြစ် ရောက်ရှိလာတဲ့ ခမရ (၃၂၀) နဲ့ ကေအိုင်အေ တပ်ခွဲ (၂၅၆) တို့ ခမူခဇွပ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်မှာတော့ ဖဂါကောင်နေရာတွင် အာဏာသိမ်းစစ်တပ် ခမရ (၃၈၇) တပ်နဲ့ ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။
မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲအချိန်မှာတော့ အာဏာသိမ်းစစ်တပ်မှ စစ်လေယဉ် ၂ စီးဖြင့် နမ့်ဆန်နဲ့ ဂလန်ဂျာပါဒေသဘက်တွင် လေယဉ်ဖြင့် ပစ်ခတ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။