ဖားကန့်မြို့နယ် နမ့်မော်နဲ့ တာမခန်ကျေးရွာကြား ဖရီဘွမ်တွင် ဇွန်လ ၂၁ ရက်နေ့က အာဏာသိမ်းစစ်တပ် တပ်မ (၃၃) လက်အောက်ရှိ ခမရ (၁၁၆) အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆)မှ စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

စစ်အင်အား (၃၀) ဝန်းကျင်ပါရှိတဲ့ စစ်ကောင်စီတပ်များ ရှေ့တန်းစခန်းဘက် စစ်အင်အားတိုးချဲ့ဖို့ လာရောက်ကြသူများဖြစ်တာကြောင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ကေအိုင်အေဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ပါဝင်ပြီး အသေးစိတ်အချက်အလက်ကတော့ မသိရှိသေးကြောင်း ကေအိုင်အေ ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ထိုစစ်ကြောင်းအနေဖြင့် အနီးဝန်းကျင်ဘက် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ပြီး တာမခန်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် တပ်စခန်းဘက် ပြန်သွားကြောင်း သိရပါတယ်။
ယမန်နေ့မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား မချမ်းဘော့၊ မိုးညှင်း၊ ဖားကန့်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်များက စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေအုံးမှာဖြစ်ကြောင်း ရှေ့တန်းစခန်းတာဝန်ရှိသူများက ပြောဆိုထားပါတယ်။