ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေဆဲ

မံစီမြို့နယ် ဘန်ဂေါ်မန်လတ်ကျေးရွာ ခရီးတစ်ခေါက်နားရာနေရာတွင် ဇွန်လ ၂၆ ရက် ယမန်နေ့ ညနေ ၃ နာရီခန့်တွင် နမ့်ခါးပါကျေးရွာအုပ်စု ဂေါ့ငူရန်ဘက်မှ စစ်အင်အား (၅၀) ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၂၅၀) တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) တို့ ၁၅ မိနစ်ကြာ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် ကေအိုင်အေတပ်စခန်းအနီးဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ယခုလို ကေအိုင်အေဘက်မှ ခုခံတိုက်ခိုက်လိုက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ယမန်နေ့ မနက် ၅ နာရီခွဲ ကနေ ၆ နာရီခွဲခန့်ထိ ဂေါ့ငူရန်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၄၂၄) တပ်မှ နမ့်ခဘွမ်ဘက် ၄၀-မမနဲ့ ၇၉-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

မိုးမောက်မြို့နယ် စလောင်းကုန်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၃၈၇) အဖွဲ့မှ ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၂၅) ဘက် နိုင်ဦးကုန်းတဝိုက် ၁၀၅-မမ လက်နက်ကြီးဖြင့် ယမန်နေ့ မနက်ပိုင်းတွင် ပစ်ခတ်မှု ရှိခဲ့ကြောင်း သိရပါတယ်။ ထို့ပြင် ဒေါ့ဖုန်းယန်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၁၄၂) တပ်နဲ့ တပ်မ (၈၈) အဖွဲ့က ရွာအနီးတဝိုက်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက် ၁၀၀ ကျော် ရမ်းသန်းပစ်ခတ်မှုတွေ ဇွန်လ ၂၆ ည ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်ခဲ့ပါတယ်။

ယမန်နေ့ မနက် ၃ နာရီ ၁၅ မိနစ်ခန့်မှာတော့ ရွှေကူမြို့နယ် ထီးကျိုင်းနဲ့ ကျောင်းကုန်းလမ်းစုံတွင် မြန်မာနိုင်ငံအောက်ဘက်ပိုင်းမှ စစ်အင်အားဖြည့်တင်းနေတဲ့ အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သလို ကသာမြို့ဘက်မှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောကို ပေါက်ကုန်းကျေးရွာ အထက်ပိုင်းတွင် ကေအိုင်အေ တပ်ရင်း (၁၂) မှ ၁၀၇-မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ စဉ်ဆက်မပျက်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဖို့ ရှိနေသေးသလို စစ်ကောင်စီတပ်များက လူနေကျေးရွာအနီးတဝိုက် လက်နက်ကြီးပစ်ခတ်မှုတွေကလည်း အမြဲလိုလို ရှိနေတာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းနဲ့ ထိစပ်နေတဲ့ ပြည်သူများက စိုးရိမ်နေကြရပါတယ်။

Leave a Reply

*