ကားမိုင်းမြို့နယ် မအူပင်ကျေးရွာအနီးတွင် ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း (၄၄) တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ဧပြီ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနား၊ ကားမိုင်းနဲ့ နန့်ယားဘက်ကနေ ချီတက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက မအူပင်ကျေးရွာဘက်တွင် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေစဉ် ကေအိုင်အေ တပ်ရင်း (၄၄) မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
နှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးမှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုတွေ ပြလုပ်နေခဲ့တာကြောင့် ထိုအနီးရှိဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်။
“စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာ ကျေးရွာအနီးဘက်မှာလာကျတယ် လက်နက်ကြီးသံကြားရတော့ ဒေသခံတွေ တံတားအောက်ပုန်းခိုတာတွေလုပ်ခဲ့တယ် ထိခိုက်တာတော့မရှိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ယမန်နေ့တွင် ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၂၅)နယ်မြေဖြစ်တဲ့ နောင်ဂေါင်နဲ့ ဖာကဲကျေးရွာကြားတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များနဲ့ ကေအိုင်အေ တပ်ရင်း (၂၄) တို့ မနက်ပိုင်းတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ထိုနေ့ရက်တါင် ဂျမ်ဘွမ်တွင်တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၂၃၈) မှ ကေအိုင်အေ တပ်ရင်း (၄၃) နယ်မြေဘက်ကို ၆၀-မမ ဖြင့် ၅ ကြိမ်တိုင် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။