ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆)၊ တပ်ရင်း (၉) ဒေသ၊ ကွတ်ခိုင်မြို့နယ် နမ့်မျန်းပါကျေးရွာသစ်တွင် စက်တာဘာ ၂ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲ အချိန်ခန့်တွင် ကေအိုင်အေတပ်နဲ့ အစိုးရတပ် တပ်မ (၈၈) ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေ တပ်စွဲထားရာ နေရာဘက်ကို တပ်အင်အား (၄၀) နီးပါးရှိတဲ့ တပ်မတော်စစ်ကြောင်း ချီတက်လာတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုဖြင့် စစ်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

“တပ်မ (၈၈) တွေပဲ၊ အင်အား (၄၀) လောက်ရှိတယ်၊ နမ့်မျန်း လယ်တောဘက်မှာဖြစ်တာ။ ရွာသစ်လာလုပ်တဲ့ ကုန်းမြင့်နားမှာပေါ့၊ သူတို့ တက်လာလို့ဖြစ်တာနေမယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်အနေဖြင့် ကေအိုင်အေတပ်နဲ့ နီးစပ်တဲ့နေရာများတွင် လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်တာကြောင့် ထိပ်တိုက်တွေ့ဆုံမှုများဖြင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများက မှန်းဆထားကြပါတယ်။

စက်တင်ဘာ ၂ ရက်နေ့တုန်းကလည်း ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၁၇) တည်ရှိရာ ဂမ်မိန်လွယ်ဒေါင်‌ဇုံနယ်ရှိ လောင်ယိန်း တရုပ်ရွာအနီးတွင် မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ MNDAA, AA တပ်ဖွဲ့များနဲ့ မြန်မာတပ် တခမ (၁၀) နဲ့ တပ်မ (၉၉) ရှိတပ်များနဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

မြန်မာ့တပ်မတော်အနေဖြင့် တစ်ဖက်သတ် အပစ်အခက်ရပ်စဲခြင်းကို ရက်တိုးထားပေမယ့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသောအဖွဲ့များ လှုပ်ရှားတဲ့နေရာများမပါဝင်ကြောင်း ထုတ်ပြန်ထားသလို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကလည်း တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို ရက်တိုးထားပါသေးတယ်။

Leave a Reply

*