ကေအိုင်အေနယ်မြေအနီးတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ခပ်စိတ်စိတ်ပြုလုပ်လာ

ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၉ အတွင်းရှိ တပ်ရင်း ၂၆ နဲ့ တပ်ရင်း ၃၁ တို့တွင် ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် အကြမ်းဖက်စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မြစ်ကြီးနားလေတပ်စခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးက ကေအိုင်အေတပ်ရင်း ၃၁ ရဲ့ ဆယ်မိုင်ကုန်းတပ်စခန်းတဝိုက်နဲ့ တပ်ရင်း ၂၆ ရဲ့ ဘွမ်ရွန်တပ်စခန်းအနီးတဝိုက် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ကေအိုင်အေတပ်မှ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ယမန်နေ့ ညနေ ၇ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ ၂ နယ်မြေဘက် မန္တလေးတံတားဦး လေတပ်စခန်းမှ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တိုက်ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ညနေ ၉ နာရီခွဲခန့်မှာတော့ ရှဒူးဇွပ်ကျေးရွာတွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၉၇ တပ်မှ ၈၁-မမ လက်နက်ကြီးဖြင့် ၅ ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့ကာ ကေအိုင်အေတပ်ရင်း ၁၅ နယ်မြေ မိုးမောက်ဘက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က လုံဂျားဘွမ်ဘက် လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်မှု ရှိခဲ့ပါတယ်။

ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေ မုံးကိုးဗျူဟာကုန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်က ညနေ ၁၀ နာရီခန့်တွင် နောင်ခမ်းတောင်နဲ့ လွယ်ငူတောင်တဝိုက် ၁၀၅-မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သိရှိရကာ အသေးစိတ်အချက်အလက်ကတော့ မသိရှိရသေးပါဘူး။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအိုင်အေနယ်မြေအနီးတဝိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု မကြာခဏပြုလုပ်လာပြီး စစ်အင်အားတိုးချဲ့ ဖြည့်တင်းမှုတွေလည်း ပြုလုပ်ပြီး ရဟတ်ယာဉ်များဖြင့် လုံခြုံရေးယူပေးကာ ရမ်းသမ်းဗုံးကြဲမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

Leave a Reply

*