ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ ညောင်ထောက်ကျေးရွာတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ် ခလရ (၄၂) တပ်မှ စစ်အင်အား (၅၀) ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်ရှိရာနယ်မြေဘက် ရောက်ရှိလာခြင်းကြောင့် ကြားဖြတ် စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုအတိအကျကိုတော့ မသိရှိရသေးပါဘူး။
အာဏာသိမ်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာနေခဲ့ကာ နေ့လည် ၁၂ နာရီခွဲအထိ တိုက်ပွဲလက်ဆက်ဖြစ်ပွားနေခဲ့ကြောင်းလည်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။ ခလရ (၄၂) တပ်မှ ဂျာရာယန်၊ မဒါဘွမ်၊ လုံးတုံ၊ ဂွေလုံ၊ တောင်ရှည်၊ ကျောက်ဝ တဝိုက်အထိ စစ်ရေးလှုပ်ရှားနေတဲ့ တပ်ရင်းဖြစ်ပါတယ်။
အဆိုပါ ကေအိုင်ကေတပ်ရင်း (၂၆) နယ်မြေဘက် နိုဝင်ဘာ ၂၅ ရက်နေ့မနက်မှာလည်း စစ်ကောင်စီက စစ်လေယာဉ် ၂ စီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။