ကေအိုင်အေတပ်မှ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်း ၄ နေရာကို တိုက်ခိုက် ၃ နေရာသိမ်းပိုက်

အာဏာသိမ်းစစ်တပ်တို့ တပ်စွဲထားတဲ့ အလောဘွမ်၊ ပန်စွံ၊ ဖွန်းပျန်ဘွမ်နဲ့ ရှန်တွမ်ဘွမ်စတဲ့ နေရာ ၄ ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) တို့မှ တိုက်ခိုက်ခဲ့ကာ မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်ကစတင်ပြီး မတ်လ ၂၅ ရက် မနက် ၄ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဓာတ်ပုံ – ယမန်နေ့ည တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာများဖြစ်ပါတယ်

ယမန်နေ့ည တိုက်ခိုက်ခဲ့တဲ့ နေရာများက ကေအိုင်အိုဗဟိုဌာနချုပ်ဒေသဖြစ်ပြီး တပ်မဟာ (၅) နယ်မြေတွင်ရှိတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ခမရ (၃၈၇) အလောဘွမ်တပ်စခန်းနဲ့ ရှေ့တန်းတပ်စခန်း ၂ နေရာကိုတော့ ကေအိုင်အေမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းရောက်စစ်သည်များထံမှ သိရပါတယ်။

ကေအိုင်အေ တပ်ရင်း (၃) နယ်မြေမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ၃ ကြိမ်တိုင် တရုတ်ဘက်အခြမ်းရှိ ခေါင်ရှောင်စစ်ဘေးရှောင်စခန်းဘက် ပစ်ခတ်ခဲ့သလို နယ်စပ်မှတ်တိုင် (၃၃) နေရာဖြစ်တဲ့ အလောဘွမ်ဘက်တွင်တည်း လက်နက်ကြီးဖြင့် (၄) ကြိမ်မျှပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုတော့မရှိပါဘူး။

အာဏာသိမ်းစစ်တပ်မှ တပ်စွဲထားတဲ့ အလောဘွမ်၊ ပန်စွံ၊ ဖွန်းပျန်ဘွမ်နဲ့ ရှန်တွမ်ဘွမ်စတဲ့နေရာများက ၂၀၁၁ တကျော့ပြန်ပြည်တွင်းစစ်မဖြစ်ပွားခင် ကေအိုင်အေတပ်ရဲ့ တပ်စခန်းများဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးငယ်များဖြင့် နင်းကန်တိုက်ခိုက်လာမှုကြောင့် ဖယ်ရှားပေးထားရတဲ့ နေရာများဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကေအိုင်အေတပ်နဲ့စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက သျှမ်းပြည်မြောက်ပိုင်းတွင် မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး ကေအိုင်အေ တပ်မဟာ (၄)၊ တပ်မဟာ (၆) နဲ့ တပ်မဟာ (၁၀) နယ်မြေများတွင် အာဏာသိမ်းစစ်တပ်အဖွဲ့များ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လုပ်ဆောင်တာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေတာပါ။

ယခုလို ကချင်ပြည်နယ်အတွင်း ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားလာမှုက မြစ်ကြီးနားမြို့တွင် အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်များကို အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးအဖွဲ့များက အကြမ်းဖက်ဖြိုခွင်း ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျဆုံးသွားတဲ့ မတ်လ ၈ ရက်နေ့ နောက်ပိုင်း မတ်လ ၁၁ ရက်နေ့ကစတင်ပြီး ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

*