ဖားကန့်-မြစ်ကြီးနားလမ်းပေါ်ရှိ ကျောက်ထုနဲ့ မအူပင်ကျေးရွာအနီး ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း (၄၄) အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့ မေ ၃ ရက် မနက် ၁၀ နာရီအချိန်ခန့်တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်များအနေဖြင့် ကားမိုင်းမြို့ကနေ စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်ဘက်မှ ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုအချိန်တွင် နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
“နန့်ယားက စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်တယ် ပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာတော့ မရှိပေမယ့် နန့်ယားဘက်ကနေ စစ်ကူ ၃၈ ယောက် ပို့လိုက်တယ်လို့ကြားတော့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေအုံးမှာပါ” လို့ ရှေ့တန်းစခန်းရောက်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များက ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဘက် ယနေ့ မနက် ၈ နာရီအချိန်ခန့်တွင် မြို့သစ်၊ ကုန်းလောကျေးရွာအနီး ဂျက်တိုက်လေယာဉ် တစ်စီး ၊ စစ်သုံးရဟတ်ယာဉ် တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ လာရောက်လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်မတော်ဘက်မှ ခုခံတိုက်ခိုက်လိုက်စဉ် စစ်ကောင်စီတပ်ရဲ့ စစ်သုံးရဟတ်ယာဉ် တစ်စီး ထိမှန်ပြီး ကုန်းလောကျေးရွာအနီး ကျရောက်ပျက်စီးသွားခဲ့ပါတယ်။
ရဟတ်ယာဉ် မီးလောင်ပျက်စီးပြီး ထိုးကျသွားတာကြောင့် စစ်ကောင်စီတပ်များအနေဖြင့် ဒေသခံပြည်သူတွေ နေထိုင်တဲ့ကျေးရွာဘက်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေလုပ်ဆောင်တာကြောင့် အပြစ်မဲ့ပြည် ၃ ဦးသေဆုံးသွားခဲ့ကာ ၁၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။