သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၆, တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ မန်ဒေါင်ကျေးရွာအနီးမှာ မတ်လ ၄ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်ကနေ နေ့လည် အထိ ခလရ (၂၈၇) တပ်နဲ့ ကေအိုင်အေကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နမ့်ခေါင်ခူးဘက်ကနေ ထိုးစစ်ပြုလုပ်လာတဲ့ မြန်မာစစ်တပ် ခလရ (၂၈၇) ကစစ်အင်အား ၁၀၀ ကျော်ဖြင့် ကေအိုင်အေနယ်မြေဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တပ်ရင်း (၃၆) အနေဖြင့် ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်စစ်တပ်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသလို မြန်မာစစ်တပ်အနေဖြင့် အင်အားဖြည့်တင်းမှုတွေတော့ ပြုလုပ်နေတာ မတွေ့ရှိသေးကြောင်း သိရပါတယ်။
“အခုသူတို့က ကျတော်တို့နေရာအနီးမှာ မြင်နေရတဲ့နေရာမှာ ရှိနေကြတုန်းပဲ သူတို့လည်း ထိခိုက်မှုတော့တော်တော်ရှိတယ်လို့ ထင်ရတယ်၊ ပြန်ဆုတ်ရင်လည်း ပြန်ဆုတ်လောက်တယ် စစ်ကူးလည်းလာတာမတွေ့သေးဘူးလေ” လို့ ရှေ့တန်းမှစစ်သည်တစ်ဦးကပြောပါတယ်။
မြန်မာစစ်တပ်အနေဖြင့် မတ်လ ၄ ရက်နေ့က မန်ဒေါင်ကျေးရွာဘက် ဝင်ရောက်လာပြီး ဒေသခံသုံးဦးကို လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ကာ ထိုကျေးရွာသားများ ညနေ ၂ နာရီအချိန်ခန့်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးကာ ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။