ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ထပ်တိုးလုပ်ဆောင်လာခြင်းကြောင်း နေရာတော်တော်များများတွင် စစ်ကောင်စီတပ်နဲ့ KIA, MNDAA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေက ဆက်တိုက်ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေကြား လွန်ခဲ့သောတစ်ပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂), တပ်မဟာ (၄), တပ်မဟာ (၆), တပ်မဟာ (၈) နယ်မြေတွေမှာ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေ အသီးသီးရှိခဲ့ပါတယ်။
တနိုင်းမြို့နယ် ဟူးကောင်းဒေသ နမ်ဗျူချောင်းနဲ့ နမ်ဂျယ်ချောင်းဆုံတွင် စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၄)တို့ ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲခန့်ကနေ ၉ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နမ်ခမ်းရွာဟောင်းတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ ၇၄ တပ်က နမ်ဗျူချောင်းအတိုင်း စစ်လက်နက်ခဲယမ်းများ သယ်ဆောင်နိုင်ရေး လုံခြုံရေးယူဖို့ သွားလာနေစဉ် ကေအိုင်အေဘက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် အာဏာသိမ်းစစ်တပ် ခလရ ၁၄၈ တပ်နဲ့ ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) တို့ လခရန်ယန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ကေအိုင်အေ တပ်မဟာ ၆ ဒေသတွင်လည်း ကွတ်ခိုင်မြို့ကနေ စစ်ယာဉ်တန်း ၁၇ စီးဖြင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို ဩဂုတ်လ ၁၅ ရက်နေ့ မနက် ၂ နာရီခန့်တွင် ကေအိုင်အေ တပ်ရင်း ၉ မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။
မိုးညှင်းမြို့ကနေ ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တင့်ကား၊ ဆီဘောက်ဆာကား၊ လက်နက်ခဲယမ်းနဲ့ တပ်သား ၆၀နီးပါးပါတဲ့ စုစုပေါင်းစစ်ယာဉ်တန်း ၁၅ စီးအုပ်စုကို မိုးကောင်းမြို့နယ် မရမ်းကျေးရွာအနီး တပ်မဟာ ၂ တပ်ရင်း ၁၁ အဖွဲ့မှ ဩဂုတ်လ ၁၄ ရက်နေ့က ကြားဖြတ်တိုက်ခိုက်စဉ် ဆီဘောက်ဆာကား ၃ စီး ထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် တပ်မဟာ (၈)နယ်မြေ ထီးချိုင့်တွင်လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ လောင်စာဆီတင်ဆောင်လာတဲ့ စစ်ယာဉ်တန်း ၂၀ စီးပါအုပ်စုကို ဩဂုတ်လ ၁၃ ရက်နေ့က ကေအိုင်အေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကားတစ်စီး ပျက်စီးသွားခဲ့မှု ရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်မှ ပြည်သူတွေရှိရာကျေးရွာများဘက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကိုလည်း လုပ်ဆောင်နေပြီး တပ်အင်အား၊ လက်နက်အင်အား၊ ရိက္ခာဖြည့်တင်းမှုတွေ တိုးမြင့်လုပ်ဆောင်နေသလို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေလည်းအမြဲလိုလိုရှိနေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေက ဆက်ရှိနေအုံးမှာဖြစ်ပါတယ်။