သျှမ်းပြည်မြောက်ပိုင်း ကေအိုင်ကေတပ်မ (၄)၊ တပ်ရင်း (၈) နယ်မြေ ဂါလျန်ဒေသ နမ်ဟူကျေးရွာအနီး အူလူကုန်းမှာ ဇွန်လ ၁၈ ရက်နေ့မနက် ၆ နာရီခွဲနဲ့ ၈ နာရီဝန်းကျင်တွင် ကေအိုင်ကေတပ်နဲ့ အစိုးရတပ် တပ်မ (၈၈) လက်အောက်ရှိတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကေအိုင်အေတပ်စွဲထားတဲ့ နေရာကို အစိုးရတပ်တွေ လှုပ်ရှားမှုပြုလာတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ခြင်းဖြစ်ကာ ဂါလျန်ဒေသရှိ ကေအိုင်အေ တပ်ရင်း (၈) တည်ရှိနေရာဘက် အစိုးရတပ်တွေက ဂါလျန်နဲ့ နမ်ဒူချောင်းကုန်း နောင်းဟွယ်ဘက် တပ်ရင်းတစ်ရင်း ထိုးစစ်ပြုလုပ်နေသလို ဒါခိုင်၊ စိုင်းခေါင် ဘက်အခြမ်းကနေလည်း စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း သိရှိရပါတယ်။ “အစိုးရတပ်အနေနဲ့ ကျတော် ဂါလျန်ဒေသရှိ တပ်ခွဲ ၁ ရှိတဲ့ဘက်ကို စစ်ကြောင်း (၃) ကြောင်းဖြင့် ဝင်လာတယ်။ အားလုံးကတော့ တပ်မ (၈၈) တွေချည်းပဲ။ မနေ့မနက်နဲ့ ဒီနေ့ ထိပ်တိုက်တွေ့တာကတော့ တစ်ဖွဲ့ပဲ။ ကျတော်တို့ရှိတဲ့အခြမ်းဘက်ကို ထိုးစစ်ပြုလာတဲ့သဘောပေါ့ကွယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကေအိုင်အေ တပ်မ (၄)၊ တပ်ရင်း (၈) တပ်စွဲတဲ့ ဂါလျန်ဒေသဘက်ရှိ နောင်ဖန်နဲ့ နောင်မောင့်ပါကြား ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အစိုးရတပ် တပ်မ ၈၈တို့က နမ်ဘာ့မုန်ဘက်ခြမ်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ကာ အစိုးရတပ်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်နေပါက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေအုံးမှာဖြစ်ပါတယ်။