ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆)တို့ ယနေ့ ဇူလိုင် ၂၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ တိုက်ခိုက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပါတယ်။
ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့မှာတော့ အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်အသုံးပြုကာ မနက် ၅ နာရီကနေ ညနေ ၇ နာရီခွဲအတွင်း ၄ ကြိမ်တိုင် လာရောက်ကာ ဗုံး (၁၃) လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုရှိကာ ရဟတ်ယာဉ် ဖြင့်လည်း ၆ ကြိမ် စစ်အင်အားဖြည့်တင်းတာတွေ ပြုလုပ်ပြီး သေဆုံးဒဏ်ရာရသူများကို သယ်ဆောင်သွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်မြစ်အရ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၇၆)နဲ့ ခလရ (၄၂) ပူးပေါင်းတပ်က ဇူလိုင် ၁၆ ရက်နေ့က စတင်ပြီး ကေအိုင်အေတပ်ရင်း (၂၆) နယ်မြေဘက် ထိုးစစ်ဆင်နေတာကြောင့် KIA, KPDF ပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ပြီး ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေကာ နေ့စဉ်နေ့တိုင်း ဂျက်တိုက်လေယာဉ်များအသုံးပြုပြီး လာရောက်ဗုံးကြဲမှုတွေ ရှိပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ကြောင်း သတင်းရင်းမြစ်ကပြောပါတယ်။
ယမန်နေ့က ဝိုင်းမော်မြို့နယ် ဝါရှဂါဘွမ်တဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်ရင်း (၃)နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကာ ကေအိုင်အေတပ်မှ ထိခိုက်မှုအချို့ရှိခဲ့ကြောင်း သိရပါတယ်။
ကွတ်ခိုင်မြို့နယ် ကေအိုင်အေ တပ်ရင်း (၉)နယ်မြေတွင် KIA တပ်မှ လှုပ်ရှားသွားလာနေစဉ် စစ်ယူနီဖောင်း ဝတ်ဆင်ထားခြင်းမရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၃၂) တပ်က အင်အား (၃၀)ဖြင့် အရပ်သားကာ ၂ စီးအသုံးပြုကာ သွားလာနေစဉ် အမှတ်တမဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသနဲ့ ကချင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက နေရာဒေသ ကျယ်ပြန့်လာကာ လေကြောင်းအသုံးပြုမှုတွေကလည်း များပြားလာနေပါတယ်။