ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဒူးလေးပြည်သူ့စစ်စခန်းတစ်ခုကို ကေအိုင်အေတပ်မှ အင်အားအနည်းငယ်ဖြင့် ဝင်ရောက်တိုက်ခိုက်စဉ် ပြည်သူ့စစ်အဖွဲ့မှ ထွက်ပြေးသွားတာကြောင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဝိုင်းမော်တပ် ခလရ (၅၈၀ မှ ၁၂၀-မမ လက်နက်ကြီးဖြင့် နန်ဇော်ယာန်ဘက် ၄ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) နမ့်ဖာလွန်နဲ့ ဖာခေတ်ကြား ဇူလိုင် ၁၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၉၀) တပ်မှ အင်အား ၅၀ ဝန်းကျင်ဖြင့် ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေဘက် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် ခုခံတိုက်ခိုက်ခဲ့ရပါတယ်။
ဝိုင်းမော်မြို့နယ်၊ နန်ဇော်ခူနဲ့ ဝါရှဂါဘွမ်ကြား ယမန်နေ့ ဇူလိုင် ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က နန်ဇော်ခူးနဲ့ ဝါရှဂါဘွမ်ကြားဘက် နယ်မြေကျော် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
မနက်ပိုင်း ၉ နာရီခန့်တွင်လည်း ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း (၂၆)နယ်မြေ ကျောက်ပုံကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ထိတွေ့တိုက်ပွဲရှိခဲ့ပါတယ်။
ညနေပိုင်း ၅ နာရီခန့်တွင်လည်း ကေအိုင်အေတပ်ရင်း (၉) နယ်မြေ နမ့်အွမ်ကနေ ခြေလျင် စစ်ကြောင်းထွက်လာတဲ့ တပ်မ (၉၉) မှ အင်အား (၃၀) ပါ စစ်ကြောင်းကို ကေအိုင်အေတပ်မှ ကြားဖြတ်ကာ လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၄၂) က အင်အား (၄၀) ဝန်းကျင်ဘက် ထိုးစစ်ဆင်လာစဉ် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ဇူလိုင် ၁၆ ရက်နေ့ မနက် ၈ နာရီခန့်တွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက် တာမခံတပ် ခမရ (၁၁၉) တပ်စခန်းမှ စစ်အင်အားတိုးချဲ့ဖို့ အင်အား (၄၀) ဝန်းကျင်ဖြင့် တောလမ်းကနေချီတက်လာတဲ့ ခလရ (၄၂) တပ်ကို ကေအိုင်အေ တပ်ရင်း (၂၆) မှ ဒရုန်းအသုံးပြုကာတိုက်ခိုက်ခဲ့သလို ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားစဉ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့မှု ရှိခဲ့ပါတယ်။
အဆိုပါ သုံးရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေက ၁၀ နီးပါးရှိခဲ့ကာ အချို့နေရာများမှာတော့ ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။