ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြား

 ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်တွင် ယနေ့ မနက် ၅ နာရီခန့်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နမ့်ဖလွန်ဘက်ကနေ အင်အား ၁၅၀ ပါဝင်တဲ့ စစ်ယာဉ်တန်းက နမ့်ဖလွန်ကွင်းပြင်တွင် ရပ်နားပြီး ခြေလျင်ဖြင့် ဆက်လက် စစ်ကြောင်း လှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တစ်နာရီနီးပါးမျှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တပ်မဟာ (၆) တပ်ရင်း (၉)နဲ့ ဖြစ်ပွားတဲ့ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး ၁၀ ဦးထက်မနည် သေဆုံးကာ အချို့က ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ဇွန်လ ၁၂ ရက်မှာတော့ ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ကျေးရွာအနီး မနက် ၆ နာရီခန့်တွင် မြစ်ကြီးနားဘက် စစ်အင်အားဖြည့်တင်းဖို့ သွားရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ကေအိုင်အေတပ်မဟာ (၁) တပ်ရင်း (၁၀) မှ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ခိုင်လုံတဲ့သတင်းအရ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်လမ်းပိုင်းနဲ့ တနိုင်း-လီဒိုလမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ရှိနေတာဖြစ်ပါတယ်။

ရွှေကူမြို့နယ်မှာတော့ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းတွင် မြို့လှ KPDF တပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း  မြို့လှ KPDF မှ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ရွှေညောင်ပင်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၆၇, ၃၆၈) ပူးပေါင်းတပ်စခန်းကို ဇွန်လ ၄ ရက်နေ့က ဒေသကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်မှ ၃၀ ဦးသေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*