အာဏာသိမ်းစစ်ကောင်စီတပ်များမှ ဧပြီ ၁၈ ယနေ့နေ့လည် ၁ နာရီဝန်းကျင်က ကေအိုင်အေတပ်မဟာ (၈) နယ်မြေဘက် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခြင်းကို ပြုလုပ်ခဲ့သလို စက်သေနတ်များဖြင့်လည်း အဆက်မပျက် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၁၇ ရက်နေ့မှာလည်း ကေအိုင်အို ဌာနချုပ်နယ်မြေအတွင်းရှိ ဂေါ်ဆပ်ယန်ကျေးရွာဘက်ကို ဝိုင်းမော်တွင် တပ်စွဲထားတဲ့ ခလရ (၅၈) တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အပြင် ကေအိုင်အေ တပ်ရင်း (၂၄) နယ်မြေ မနမ့်ဒီမ်ဆာ့ဘွမ်ဘက်ကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကာ နွမ်လန်တွင်တပ်စွဲထားတဲ့ ခမရ (၄၃၈) ကလည်း အလော့ဘွမ်တဝိုက်ကို ၁၀၅-မမ ဖြင့် ၅ ကြိမ် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပေမယ့် ကေအိုင်အေဘက်က အထိအခိုက်မရှိခဲ့ပါဘူး။
ယနေ့နေ့တွင် ကဂမ်ကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ကေအိုင်အေ တည်ရှိတဲ့ ဖာ့လပ်ဘွမ် နဲ့ ဂျာထုကျေးရွာဘက်ကို ၁၂၀-မမ ဖြင့် ၆ ကြိမ်တိုင် ပစ်ခတ်မှုတွေ ပြလုပ်ခဲ့သေးကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသအနီးတဝိုက်ရှိ ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတွေ လေယာဉ်ဖြင့် ဗုံးကြဲခြင်းတွေ လုပ်ဆောင်နေခြင်းကြောင့် ကချင်ပြည်နယ်ဒေသအချို့တွင် ဒေသခံပြည်သူများက စိုးရိမ်ရတဲ့အခြေအနေဖြစ်ရတာကြောင့် ထွက်ပြေးတိမ်းရှောင်မှုတွေ လုပ်ဆောင်နေရပါတယ်။