ကေအိုင်အေတပ်စခန်းကို လေကြောင်းဖြင့် တရစပ်ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတွေကို နေ့စဉ်ရက်ဆက်လုပ်ဆောင်လာတာ ယနေ့ဆိုရင် ၇ ရက်ဆက်တိုက်ရှိနေပြီပဲဖြစ်ပါတယ်။

ယနေ့ ဧပြီ ၃၀ ရက်နေ့မှာတော့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ဆလော်ကုန်းအနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တဲ့အပြင် ဂျက်တိုက်လေယာဉ်တွေပျဲဝဲမှုတွေရှိပေမယ့် ဗုံးလာရောက်ကြဲချတာကိုတော့ အတိအကျမသိရှိရကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ယမန်နေ့ ဧပြီ ၂၉ ရက်နေ့မှာတော့ ဆလော်ကုန်းအနီးတွင် ဂျက်တိုက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်မှုတွေရှိခဲ့ကာ ညနေပိုင်း ၄ နာရီနဲ့ ၅ နာရီဝန်းကျင်မှာတော့ ဂျော်မော်တပ်စခန်းဘက် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ကာ ညနေ ၆ နာရီဝန်းကျင်မှာတော့ ကေအိုင်အေ တပ်ရင်း (၂၅) ဘက်ကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု လာရောက်လုပ်ဆောင်ခဲ့ပါတယ်။

လက်တလော KIA တပ်နဲ့အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့တာက ဧပြီ ၁၂ ရက်နေ့ကစတင်တာဖြစ်ပြီး ကေအိုင်အေဘက်က ထိခိုက်သေဆုံးမှုအနည်းအကျဉ်းသာရှိပေမယ့် စစ်ကောင်စီတပ်ဘက်ကတော့ တပ်ရင်းတစ်ခုကျရှုံးသွားတဲ့အပြင် အများအပြားသေဆုံးခဲ့ရမှုတွေရှိကြောင်း မြေပြင်သတင်းတွေအရသိရပါတယ်။

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်လာစဉ် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာဘက်တွေမှာ ကျရောက်ပေါက်ကွဲမှုတွေရှိတာကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦးထက်မနည်းလည်း သေဆုံးခဲ့ရပြီးဖြစ်ကာ ပြည်သူ ထောင်ဂဏာန်းကလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်အင်အားတိုးချဲ့မှုတွေကတော့ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေဆဲဖြစ်တာကြောင့် တိုက်ပွဲပြင်းထန်အုံးမှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*