ကေအိုင်အေဌာနချုပ်နယ်မြေ ၂ နေရာတွင် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွား

ကေအိုင်အေ ဌာနချုပ်နယ်မြေ တပ်မဟာ (၅) တပ်ရင်း (၂၅) တည်ရှိရာ ဆလောင်းကုန်းအနီးတွင် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်းစစ်တပ်ကို မေလ ၂၄ ရက်နေ့ ယနေ့မနက်ပိုင်းတွင် ကေအိုင်အေတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းအဖွဲ့မှ ခုခံတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထိုသို့တိုက်ပွဲဖြစ်ပွားနေစဉ် ကုန်းလောနဲ့ မိုးမောက်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကာ ညနေပိုင်းမှာတော့ ကေအိုင်အေ တပ်ရင်း (၂၅) နယ်မြေဖြစ်တဲ့ နိုင်ဦးတောင်ကုန်းနဲ့ စင်ယုတောင်ကုန်းတဝိုက်တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ တနင်္ဂနွေနေ့ မှာလည်း နေရာအတော်များများတွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ ဗန်းမော်၊ မိုးမောက်နဲ့မန်စီမြို့နယ်တွေမှာ ထိတွေ့မှုတွေ ရှိခဲ့ပါတယ်။

မေလ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်မှာတော့ ခရာဘွမ်လမ်းဆုံတွင် ကေအိုင်အေဌာနချုပ် လုံခြုံရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်တပ်ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကာ နေ့လည် ၁၂ နာရီခွဲမှာတော့ ဒေါ့ဖုန်းယန်အနီးတွင် အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းကို ကေအိုင်အေ တပ်ရင်း (၁၉) ရွေ့လျားတပ်မှ ခြုံခိုတိုက်ခိုက်မှု ုလပ်ဆောင်ခဲ့ပါတယ်၊၊

ထို့ပြင် ယမန်နေ့ နေ့လည် ၁ နာရီခွဲမှာတော့ မိုးမောက်မြို့နယ်အတွင်းရှိ နမ့်ဒိန်နဲ့ Taw Pe ရွာကြား စစ်ကောင်စီရဲ့ ယာဉ်တန်းကို ကေအိုင်အေ တပ်ရင်း (၁၅) လက်အောက်ရှိ ရွေ့လျားတပ်များက ကြားဖြတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး ညနေ ၇ နာရီခွဲမှာတော့ ကုန်းလောတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခမရ ၃၈၇ တပ်စခန်းကို ဒုံးလက်နက်အပြင် လက်ပစ်ဗုံးများဖြင့် သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

မံစီမြို့နယ်မှာတော့ Maji Gung Kaba ကနေ Hka Shang Kadaw ဘက် သွားလာနေတဲ့ အာဏာသိမ်းစစ်တပ်ကို ကေအိုင်အေ တပ်ရင်း ၂၇ အဖွဲ့မှ နေ့လည် ၁၁ နာရီခန့်တွင် ချုံခိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်မှ ကချင်ပြည်နယ်အပြင် သျှမ်းပြည်မြောက်ပိုင်း ဒေသခအချို့တွင် စစ်အင်အား လက်နက်အင်အားတိုးချဲ့မှုတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေနဲ့ ထိုးစစ်ဆင်မှုတွေပြုလုပ်နေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဖို့ ရှိနေသေးကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

Leave a Reply

*