ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်းလန်းကျေးရွာ လွယ်ဂျောင်ကုန်းအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း ၁၉ နဲ့ အာဏာသိမ်းစစ်တပ်ကြား ယနေ့ ဇွန်လ ၇ ရက်နေ့တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေတပ်စွဲထားရာနေရာဘက်ကို အာဏာသိမ်းစစ်တပ်အဖွဲ့မှ စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ယခုလိုတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မနက် ၁၀ နာရီအချိန် ဒေါ့ဖုန်းယန်မြို့ကနေ ခါ့လာ (Hka La) ဘက် စစ်ယာဉ်တန်းဖြင့် လာရောက်တဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေလည်း ရှိခဲ့ကြောင်း ကေအိုင်အေ ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင် အာဏာသိမ်းစစ်တပ်မှ ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်ဖွဲ့နဲ့တိုက်ပွဲများ နေ့စဉ်နေ့တိုင်းဖြစ်ပွားနေတဲ့အပြင် ကေအိုင်အေတပ်မဟာ (၁၀) တပ်ရင်း (၁၇) နယ်မြေဖြစ်တဲ့ နမ့်လောဒ့်ပါနဲ့ နာတီအနီးတွင်လည်း ယမန်နေ့များက ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ် တပ်မ ၉၉ ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ကိုလည်း ကိုးကန့်တပ်ဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့ပါတယ်။