ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် ဌာနချုပ်နယ်မြေ တပ်မဟာ (၅) တပ်ရင်း (၁၉) နယ်မြေဖြစ်တဲ့ ပန်စွံတောင်အနီးတွင် အာဏာသိမ်းစစ်တပ်နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် အခြေစိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို AA, MNDAA, TNLA ညီနောင်မဟာမိတ်အဖွဲ့မှ ယနေ့မနက် ၁ နာရီခန့်ကနေ ၃ နာရီအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်းလည်း ထွက်ပြေးသွားကြောင်း သိရှိရကာ ညီနောင်မဟာမိတ်အဖွဲ့မှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်စဉ် အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်လိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးရဲ့ နေအိမ်တွင် ဗုံး ၂ လုံးကျရောက်ခဲ့ကာ တစ်လုံးပေါက်ကွဲပြီး နေအိမ်ထိခိုက်မှု ရှိခဲ့ပေမယ့် လူထိခိုက်မှုတော့မရှိကြောင်း ဒေသခံတွေထံမှ သိရပါတယ်။ ထိုဒေသက ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၈) တည်ရှိရာ နယ်မြေဖြစ်ပါတယ်။
ယနေ့မနက်ထွက် အာဏာသိမ်းစစ်တပ်ရဲ့ အာဘော်သတင်းစာမှတဆင့် စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း အပစ်ရပ်ကာလ ၁ လထပ်တိုးလိုက်တဲ့နေ့မှာပင် တိုင်ရင်းသားလက်နက်ကိုင်နယ်မြေဘက် စစ်အင်အား၊ လက်နက်အင်အားများ တိုးချဲ့မှုတွေရှိနေသေးတာကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှတော့ တိုက်ပွဲတွေ ဆက်ရှိနေအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။