ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဒေသကို အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး ခရီးသွားလာခြင်းများကို ရက်ကန့်သတ်ချက်မရှိ ပိတ်ပင်လိုက်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီကပြောပါတယ်။
ခရီးသွားလာခြင်းများကို ပိတ်ပင်ပေမယ့် ဒေသတွင်းရှိ စစ်ဆေးရေးဂိတ်အပြင် ထွက်မည့်သူများကိုတော့ ခွင့်ပြုထားဆဲဖြစ်ကာ ဝင်ရောက်မှုကိုတော့ ခွင့်မပြုတော့ပါဘူး။
“အခြားဒေသဘက်ထွက်သွားတော့မည့်သူတွေကိုတော့ အခွင့်ပေးပါသေးတယ် ဝင်ရောက်ဖို့ကတော့ လုံးဝပိတ်ပင်လိုက်ပါပြီ” လို့ ကော်မတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စားသောက်ကုန်ကားများကိုလည်း ပိတ်ပင်လိုက်ပြီဖြစ်ကာ ဒေသတွင်းရှိ စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ ညွန်ကြားချက်ထုတ်ပြန်ထားပါတယ်။
အရှေ့ပိုင်းဒေသတွင် လက်ရှိကျန်းမာရေးစောင့်ကြည့်ခံသူ ဦးရေ (၇၄) ဦးရှိနေတာပဲဖြစ်ပါတယ်။