ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ မြောက်ပိုင်းဌာနအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့ မြောက်ပိုင်းဌာန စစ်ဆေးရေးဂိတ်အားလုံးကို အောက်တိုဘာ ၂၅ ရက်နေ့အထိ ရက်ထပ်မံတိုးပြီး အဝင်အထွက်ကန့်သတ်လိုက်ပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ ကိုဗစ်ကော်မတီကပြောပါတယ်။
လွန်ခဲ့သော အောက်တိုဘာ ၁၁ ရက်နေ့ကစတင်ပြီး ဆယ်ရက်တိတိ ဂိတ်အဝင်အထွက်အားလုံးကို ရပ်နားထားတာဖြစ်ပေမယ့် လက်ရှိ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုတွေ ပိုမိုများပြားလာခြင်းကြောင့် နီးစပ်ရာအစိုးရနယ်မြေတွေကို ကြည့်ရှုပြီး ၅ ရက်ထပ်မံတိုးမြင့်လိုက်တာဖြစ်ပါတယ်။
“မလိခရန်ဝလောင်၊ မလိအင်မိုင်ဝလောင် ဒေသခံများက လွန်ခဲ့အချိန်မှာ မြို့ကြီးဘက်ကို အကြောင်းအမျိုးမျိုးကြောင့် သွားရောက်မှုတွေရှိတော့ အခုကိုဗစ်ရောဂါကြောင့် ကိုယ်ဒေသတွေကို ပြန်လာတာတွေများစွာရှိနေတာလေ အခုမုံးနားဇွပ်စောင့်ကြည်ရေးနေရာမှာလည်း သတ်မှတ်လူဦးရေထက်ကျော်လွန်နေပြီ စောင့်ကြည့်ခံသူတွေကများလာ ခရီးသွားလာသူကလည်းများဆိုတော့ ရောဂါကာကွယ်တဲ့အနေနဲ့ အသွားအလာကန့်သတ်လိုက်တာပါ” လို့ မြောက်ပိုင်းဌာန ကိုဗစ်ကော်မတီဝင်တစ်ဦးကပြောပါတယ်။
မြောက်ပိုင်းဌာနဒေသကို ဝင်ရောက်လာမည့် မည်သူ့ကိုမဆို လက်ခံသွားမှာမဟုတ်ပဲ ဒေသတွင်းအစားအသောက်ဈေးနှုန်းမြင့်မားလာခြင်း ဒေသခံများ စားသောက်ရေးခက်ခဲလာမှုမဖြစ်ပွားစေဖို့ အစားအသောက်သယ်ဆောင်တဲ့ကုန်ကားများကိုတော့ ပိုးသတ်ဆေးဖြန်းပြီး ဖြတ်သန်းခွင့်ပြုမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေ မြောက်ပိုင်းဒေသတွင်း ကျန်းမာရေးစောင့်ကြည့်ခံသူ အယောက် (၁၀၀) ကျော်ရှိနေပါတယ်။