ကေအိုင်အို ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးမွေးမြူရေးကျောင်းဆင်းပွဲပြုလုပ်

လိုင်ဇာမြို့ အလန့်ဘွမ်တွင် ကေအိုင်အိုရဲ့ စိုက်ပျိုးမွေးမြူရေးဌာနချုပ်မှ ဖွင့်လှစ်သင်ကြားပေးနေတဲ့  အမှတ်စဉ် (၇) စိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်းနဲ့ အမှတ်စဉ် (၁၈) အခြေခံစိုက်ပျိုးမွေးမြူရေးကျောင်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီကျောင်းဆင်းပွဲမှာတော့ ကေအိုင်စီ ဒုတိယဥက္ကဌ (၁) ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွမ်မော်မှ သင်ယူရရှိခဲ့တဲ့ စိုက်ပျိုးမွေးမြူရေးအတတ်ပညာများကို ပြည်သူလူထုအကျိုးစီးပွားအတွက် ပိုမိုကောင်းမွန်သောနည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးကြဖို့ ကျောင်းသားများကို အားပေးစကားပြောကြားခဲ့ပါတယ်။

“ကျတော်တို့လူမျိုးတွေ စစ်ပွဲများဖြင့် တော်လှန်နေရတဲ့အချိန်ဖြစ်တာကြောင့် ဝမ်းရေးပြည့်ဝဖို့လိုတယ် စိုက်ပျိုးရေးလုပ်ဆောင်တတ်ဖို့လိုအပ်တယ်၊ မိမိခြေပေါ်မိမိရပ်တည်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ကျောင်းဆင်းသွားမည့် ကျောင်းသားများကို စိုက်ပျိုးမွေးမြူရေးကျောင်း ကျောင်းအုပ်ကြီး ဆရာကြီး ကရန်ဘရန်ဆိုင်းမှ ကျောင်းဆင်းမိန့်ခွန်းပြောခဲ့ပါသေးတယ်။

စိုက်ပျိုးမွေးမြူရေး ဒီပလိုမာအတန်းဖြင့် ကျောင်းဆင်းခွင့်ရရှိသူ ၁၁ ဦးရှိခဲ့ကာ အခြေခံစိုက်ပျိုးမွေးမြူရေးကျောင်းဆင်းသူကတော့ ၁၀ ဦးရှိခဲ့ပါတယ်။

ဒီစိုက်ပျိုးမွေးမြူရေးကျောင်းကို ဇွန်လကစတင်ပြီး မတ်လကုန်အထိ ၁၀ လတိတိ သင်ကြားပို့ချပေးတာဖြစ်ကာ စိုက်ပျိုးမွေးမြူရေးနည်း၁၀ မျိုး၊ အသုံးပြုဖို့သင့်တော်တဲ့ မြေဩဇာ ၄ မျိုးအပြင် ကေအိုင်အိုရဲ့ နိုင်ငံရေးမူဝါဒနဲ့ သမိုင်းကြောင်းများကိုလည်း ပို့ချပေးခဲ့ပါတယ်။

ကေအိုင်အိုဖွင့်လှစ်သင်ကြားပေးတဲ့ စိုက်ပျိုးမွေးမြူရေးကျောင်းကိုတော့ ၁၉၉၇ ခုနှစ် မိုင်ဂျာယန်မြို့ ဝန်ဂေါင်ဘွမ်တွင် စတင်ခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ သင်ကြားတတ်မြောက်သွားတဲ့ ကျောင်းသား (၃၃၅) ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

Leave a Reply

*