ကေအိုင်အိုအစိုးရ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအုပ်ကြီးများနဲ့ ပညာရေးမှူးများကို ဇန်နဝါရီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးအဆင့်မြင့်တင်ခြင်းကိစ္စရပ်နဲ့စပ်လျဉ်းပြီး သင်တန်းပေးခြင်း ဆွေးနွေးခြင်းများလုပ်ဆောင်ခဲ့ပါတယ်။

ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ပညာရေးဝန်ကြီးဌာနမှဦးဆောင်ပြီး ကျောင်းသားများ ပညာဆည်းပူးရာတွင် ပိုမိုထောက်ပံ့ပေးသွားနိုင်ဖို့နဲ့ ကျောင်းများကို ပိုမိုတိုးတက်လာနိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
“ဒီကျတော်တို့လုပ်ဆောင်နေတဲ့အရာက ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး (JNRM) လို့အမည်ပေးထားပါတယ်၊ ပညာရေးမှူးတွေနဲ့ ကျောင်းအုပ်တွေကို TOT သင်ကြားပေးခြင်းလုပ်ဆောင်တယ်၊ ကျောင်းတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အရာတွေလည်း သင်ကြားပေးခဲ့ပါတယ်” လို့ သင်တန်းကိုဦးဆောင် သင်ကြားပေးနေတဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူး ဆရာကြီး ဖွန်ပျန်ဇော်ခရန် ကပြောပါတယ်။
သင်ကြားခြင်းကို လိုင်ဇာဟိုတယ်ခန်းမတွင် သုံးရက်လုပ်ဆောင်ကာ လက်တွေ့ဆင်ခြင်းကိုတော့ ဂျဲယန်အလယ်တန်းကျောင်းတွင် သုံးရက်တိတိ လုပ်ဆောင်စေကာ ကျောင်းမတီများ၊ ကျောင်းသားမိဘများ၊ ကျောင်းဆရာများ၊ ကျောင်းသားများပါဝင်ပြီးတော့ တွေ့ဆုံဆွေးနွေးအမြင်ဖလယ်ခြင်းတွေလည်း လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့ပါသေးတယ်။
“လိုင်ဇာဟိုတယ်မျာ ပညာရေးမှူးတွေနဲ့ ကျောင်းအုပ်တွေသိသင့်တဲ့အရာတွေကို သုံးရက်သင်ကြားပေးပြီးတော့ ဂျဲယန်အလယ်တန်းကျောင်းမှာလည်း သုံးရက်တိတိလက်တွေ့ဆင်းခြင်းဖြင့် လုပ်ဆောင်ခဲ့ပါတယ်” လို့သူကပြောပါတယ်။
ယခုလို ပညာရေးဝန်ကြီးဌာနကနေဦးဆောင်ပြီး လုပ်ဆောင်တဲ့ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အဖြစ် သင်တန်းပေးခြင်းကို ယခင်နှစ်ကစတင်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာတော့ မြောက်ပိုင်းဌာနချုပ် ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးမှူး၊ ကျောင်းဆရာများကို ပို့ချခဲ့ကာ ပညာရေးဝန်ကြီးဌာနအနေဖြင့်တော့ ဒုတိယအကြိမ်လုပ်ဆောင်ခြင်းဖြစ်သလို ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။