ကေအိုင်အို ထိန်းချုပ်နယ်မြေ ပညာရေးမြို့တော်ဖြစ်တဲ့ မိုင်ဂျာယန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့သူများထဲမှ ပျောက်ကင်းသက်သာပြီး နေရပ်ပြန်ခွင့်ရရှိသူ အယောက် ၁၀၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းတိုင်းကော်မတီထံမှ သိရပါတယ်။

မိုင်ဂျာယန်မြို့တွင်း အသွားအလာကန့်သတ်ခြင်း လော့ဒေါင်းပြုလုပ်ထားတာကိုလည်း တဖြည်းဖြည်းဖြေလျော့ပေးနေပြီဖြစ်ပြီး ထပ်မံကူးစက်မှုမရှိစေဖို့လည်း ကာကွယ်ရေးနည်းလမ်းများဖြင့် စဉ်ဆက်မပျက် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
မုန်လိုင်ခက်ကျေးရွာမှ ပြည်သူ ၅၀၀ ကျော်ကို စက်တင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ထပ်မံစစ်ဆေးပေးရာမှာ တွေ့ရှိခြင်းမရှိတော့တာကြောင့် လော့ဒေါင်းပြုလုပ်ထားခြင်းကို ရုပ်သိမ်းပေးလိုက်ပြီး ဖြစ်ပါတယ်။
လိုင်ဇာမြို့တွင်လည်း ကိုဗစ်ကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူထဲမှ ၃၁ ဦး ပျောက်ကင်းသက်သာပြီးဖြစ်ကာ ကုသမှုဆက်လက်ခံယူနေသူကတော့ ၃၃ ဦးရှိနေပြီး သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံသူကတော့ ၅၉ ဦးရှိကြောင်း သိရပါတယ်။
ထို့ပြင်း ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူထဲမှ စက်တင်ဘာ ၉ ရက်နေ့တွင် ပိုးရှိမရှိစစ်ဆေးစဉ် ပိုးကင်းစင်ကြောင်းအဖြေထွက်ရှိတဲ့ ဆဒုံဒေသရှိ ပြည်သူ ၂၆ ဦး၊ မြောက်ပိုင်းဒေသရှိ ပြည်သူ ၁၁၁ ဦး၊ အနောက်ပိုင်းဒေသ ၃၇ ဦး၊ အနောက်မြောက်ပိုင်းဒေသ ပြည်သူ ၄ ဦးရှိကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားပါတယ်။