ကေအိုင်အို အစိုးရ၊ ပညာရေးဝန်းကြီးဌာနမှ ထိန်းချုပ်နယ်မြေအတွင်း သင်ကြားပို့ချနေတဲ့ အလယ်တန်းကျောင်းကို အထက်တန်းကျောင်းအဆင့်အဖြစ် သုံးကျောင်းကို တိုးချဲ့လိုက်ကြောင်း သိရပါတယ်။
အထက်တန်းကျောင်းအဖြစ် သတ်မှတ်လိုက်တဲ့ကျောင်းများကတော့ Myaw Maw အလယ်တန်းကျောင်း၊ Nhkawng Pa အလယ်တန်းကျောင်းနဲ့ Zup Ra အလယ်တန်းကျောင်းတို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားရေးအတွက် အခက်ကြုံနေကြရတာကာ ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ ပညာရေးကျောင်းများဘက် လာရောက်သင်ကြားမှုတွေက တရှိန်ထိုးတိုးများလာခြင်းကြောင့် ကျောင်းများတွင် သင်ကြားနိုင်တဲ့ဦးရေထက် ပိုမိုနေခြင်းကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ အထက်တန်းကျောင်းများ ထပ်မံတိုးချဲ့လိုက်ရခြင်းလည်း ဖြစ်ပါတယ်။
ယမန် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားများ ပိုမိုများပြားခဲ့ကာ စာစစ်ဌာန ၉ နေရာဖြင့် သတ်မှတ်ဖြေဆိုစေခဲ့တာဖြစ်ပြီး ကျောင်းသား ၂၁၉၂ ဦး လာရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၆၈၀ ဦးအထိ ရှိခဲ့သလို ဂုဏ်ထူးရရှိသူကလည်း ၃၀၀ ကျော်အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။