လိုင်ဇာမြို့တွင် ဇူလိုင် ၃၀ ရက်နေ့ကစတင်ပြီး အခြေခံစားသောက်ကုန် အခွန်ကောက်ခံခြင်းများကို ကေအိုင်အိုအစိုးရရဲ့ ညွန်ကြားချက်ဖြင့် ယာယီရပ်ဆိုင်းထားကြောင်း မြို့တော်အုပ်ချုပ်ရေးရုံးထံမှ သိရပါတယ်။

လက်ရှိအချိန် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပေါ်ချိန် ရောဂါပျံ့နှံ့မှုရှိနေတာကြောင့် ရပ်ကွက်အလိုက် အသွားအလာကန့်သတ်ချက်တွေထုတ်ပြန်ထားချိန်ဖြစ်ကာ ပြည်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ကုန်သွယ်ရေးများ အခက်အခဲဖြစ်လာခြင်းကြောင့် အခြေခံစားသောက်ကုန်များအပေါ် အခွန်ကောက်ခံခြင်းများကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ယခုလို ပြည်သူအများ ဒုက္ခရောက်နေရချိန် ဈေးရောင်းချနေတဲ့ ကုန်သည်များအနေဖြင့် ဈေးကစားခြင်း၊ ဈေးနှုန်းမြင့်တင်ခြင်းများ မရှိစေဖို့ မြို့တော်အုပ်ချုပ်ရေးများမှ ကြီးကြပ်ဆောင်ရွက်မှုတွေလုပ်ဆောင်နေကြောင်း လိုင်ဇာမြို့တော်အုပ်ချုပ်ရေးမှူး ဆလန်ဝါလာ ဂွမ်ဂျာဒူ ကပြောပါတယ်။
ကေအိုင်အိုထိန်းချုပ်ရာနယ်မြေများနဲ့ မြို့တော်လိုင်ဇာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းများ ဖြစ်ပေါ်ချိန် ရောဂါဝင်ရောက်မှုမရှိစေဖို့ ကာကွယ်နိုင်ခဲ့ပေမယ့် ယခုတတိယလှိုင်းအရောက်မှာတော့ ကာကွယ်ထိန်းချုပ်တားဆီးနေစဉ် ရောက်ရှိလာပြီဖြစ်တာကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိပဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးကော်မတီမှ ချမှတ်ထားတဲ့စည်းကမ်းများကို လိုက်နာကြဖို့ မြို့တော်အုပ်ချုပ်ရေးမှူးမှ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
လိုင်ဇာမြို့နဲ့ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းများကို အသွားအလာကန့်သတ်ထားရှိကာ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးမှုကို အင်တိုက်အားတိုက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။