ကေအိုင်အိုအစိုးရထိန်းချုပ်နယ်မြေရှိ ကျောင်းများကို ဇွန်လိုင်လဆန်းပိုင်းတွင် ဖွင့်မည်

ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေရှိ ကျောင်းများကို လာမည့်ဇွန်လိုင်လ ၁ ရက်နေ့ကစပြီး စတင်သင်ကြားသွားဖို့ ပြင်ဆင်နေပြီလို့ ဗဟိုပညာရေးဌာနမှ သိရှိရပါတယ်။ ကျောင်းဖွင့်ဖို့ စီစဉ်ထားမှုတွင် ကပ်ရောဂါစိုးရိမ်ဖွယ်ရှိသေးသည့် နေရာများတွင် အပိုင်း ၃ ပိုင်းဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကာ စိုးရိမ်စရာမရှိတဲ့ နေရာဒေသတွေမှာတော့ ပုံမှန်အတိုင်းဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။ “ကျောင်းတွေအားလုံးကို တစ်ပြိုင်တည်းဖွင့်လှစ်သွားမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်စရာရှိတဲ့အချို့နေရာက အထက်တန်းကျောင်းတွေကိုတော့ နေ့တိုင်းကျောင်းတက်မှာဖြစ်ပြီး အလယ်တန်းနဲ့ မူလတန်းတွေကိုတော့ အချိန်ခွဲပြီးသင်ကြားသွားမှာပါ” လို့ ဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာကြီးနော်ထွယ်မှ ဆိုပါတယ်။ ကျောင်းအပ်လက်ခံရာမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေမှ ကျောင်းသားများကို အဓိကထား လက်ခံသွားမှာဖြစ်ကာ အစိုးရကျောင်းမှ ကျောင်းပြောင်းလာသူတွေကိုတော့ ယခင်ကျောင်းမှ ကျောင်းပြောင်းစာ ပါရှိမှ လက်ခံသွားမှာဖြစ်ပါတယ်။ ယခုလိုလုပ်ဆောင်ခြင်းဟာ နောက်ပိုင်းအစိုးရကျောင်းပြန်လည်ဖွင့်လှစ်ချိန် အစိုးရကျောင်းဘက်ပြန်လည်ကျောင်းတက်ချိန်တွင် ထိခိုက်နှစ်နာမှုမရှိစေရေးအတွက်ဖြစ်ပါတယ်။ “လက်ရှိအချိန်မြန်မာအစိုးရကျောင်းတွေ မဖွင့်လှစ်သေးတာဖြစ်တဲ့အတွက် မြန်မာအစိုးရကျောင်းတက်တဲ့ ကျတော်တို့ထိန်းချုပ်နယ်မြေက ကျောင်းသားတွေလည်း ကေအိုင်အိုအစိုးရကျောင်းတတ်ဖို့ ပြောဆိုလာတာတွေ ရှိနေတယ်။ ဒီနှစ်ကတော့ ကေအိုင်အိုကျောင်းသားတွေကို အဓိကထားလက်ခံသွားမှာပါ” လို့ ဆရာကြီးမှ အခုလိုပြောပါတယ်။ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဇွန်လ ၁၅ ရက်နေ့မတိုင်မှီ အပြီးလုပ်ဆောင်သွားဖို့ရှိနေပြီး ဇွန်လိုင် ၁ ရက်နေ့မှာတော့ ကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကာ ကြိုတင်ပြင်ဆင်ထားရမည့်အရာများကို ဗဟိုပညာရေးဌာနနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီဘက် တင်ပြထားမှုရှိတယ်လို့ သိရပါတယ်။

Leave a Reply

*