၂၀၂၀-၂၀၂၁ ခုနှစ် စာသင်နှစ်ကစတင်ပြီး ကေအိုင်အိုအစိုးရကျောင်းတိုင်းတွင် ပညာသင်ကြားနေကြတဲ့ အလယ်တန်း၊ မူလတန်းကျောင်းသားများ အတန်းတက်စာမေးပွဲတွင် အားလုံးအောင်နိုင်ရေးနည်းလမ်းများကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပညာရေးဌာနကပြောပါတယ်။

ဒီနည်းစနစ်ကိုအသုံးပြုရာတွင် ကျောင်းသားများအားလုံးနိုင်ရေးအတွက် နေ့စဉ်သင်ကြားခံယူရာတွင် ကျောင်းသားတစ်ဦးချင်းစီရဲ့ လေ့လာနိုင်မှု၊ ဖန်တီးနိုင်မှုအပေါ်မူတည်ပြီး ၄၅ မှတ်သတ်မှတ်ပြီး ကျောင်းပုံမှန်တက်ရောက်ခြင်းအတွက် ၅ မှတ်နဲ့ စာမေးပွဲကိုတော့ အမှတ် ၅၀ သာမေးမြန်းခြင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကျောင်းသားတိုင်း စာမေးပွဲအောင်နိုင်ဖို့ ကျောင်းခန်းတွင်း ကျောင်းဆရာများအနေဖြင့် ခွန်အားစိုက်သင်ကြားပေးနေပြီး ကျောင်းသားတိုင်းကို အတန်းတက်စေခြင်းမဟုတ်ပဲ အတန်းနဲ့အတန်းသိသင့်သိထိုက်တာတွေကို သိရှိပြီးမှသာ အတန်းတက်စေခြင်းကို လုပ်ဆောင်ဖို့ဖြစ်ကြောင်း သိရပါတယ်။
ကျောင်းသားများရဲ့ ကြိုးစားအားထုတ်မှုအပေါ်မူတည်ပြီး အေ၊ ဘီ၊ စီ စသည်ဖြင့် အတန်းသတ်မှတ်ပြီး တန်းတက်စေမှာဖြစ်ကာ အီးအဆင့်သတ်မှတ်ခြင်းခံရသူများကတော့ အားနည်းတဲ့ဘာသာရပ်ကို ပိုမိုအားပြုသင်ကြားစေကာ အတန်းတက်ခြင်းကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
ယခုစာသင်နှစ်ကစတင်ပြီး ကျောင်းသားများ နောက်ဆုံးစာမေးပွဲကြီးအတွက် အခက်အခဲများစွာဖြင့် ကြိုးစားခြင်းမဟုတ်ပဲ နေ့စဉ်နေ့တိုင်းစာမေးပွဲပုံစံဖြင့် သင်ကြားပေးနေတာဖြစ်တာကြောင့် ကျောင်းသားမိဘများအနေဖြင့်လည်း ထောက်ပံ့ကူညီပါဝင်ကြဖို့ ပညာရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး Hpunpyen Zau Hkyen ကပြောပါတယ်။
“နေ့စဉ်နေ့တိုင်းစာမေးပွဲရှိတယ်ဆိုတာက ကျောင်းသားများကို နေ့တိုင်း သူတို့သင်ယူထားတဲ့အရာပေါ် သတ်မှတ်ချက်တွေကို ယူထားတယ်၊ ကျောင်းသားတွေကို ခေါင်းစဉ်ပေးထားပြီး လေ့လာခိုင်းတာတွေလုပ်ဆောင်တာကြောင့် မိဘများအနေဖြင့် မိမိသားသမီးများ မေးမြန်းတာတွေလုပ်ဆောင်လာရင် ကူညီပေးခြင်းဖြင့် ပါဝင်ကြရအောင်” လို့သူကပြောပါတယ်။
ကျောင်းဘက်ပေါင်းစုံတိုးတက်ရေးစီမံချက်ဖြင့် လုပ်ဆောင်နေတာဖြစ်တာကြောင့် ပညာရေးကျောင်းရှိတဲ့ ဇုံနယ် ဒေသများရှိ အုပ်ချုပ်သူများအနေဖြင့် မိမိဒေသတွင် ဖွင့်လှစ်သင်ကြားနေတဲ့ ပညာသင်ကျောင်းအရေးတွင် ပူးပေါင်းပါဝင်ကြဖို့လည်း ပညာရေးဌာနကနေ အကူအညီတောင်းခံထားပါတယ်။
ယခုနှစ်အတွက် အတန်းတက်နောက်ဆုံးစာမေးပွဲကို မတ်လ ၁၀ ရက်နေ့နောက်ပိုင်းကနေ မတ်လကုန်အတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကိုတော့ အစိုးရစစ်အဖြစ် ဧပြီလဆန်းပိုင်းတွင် ဖြေဆိုသွားဖို့ရှိနေပါတယ်။