ကေအိုင်အိုနယ်မြေရှိ သူနာပြုနဲ့သားဖွားသင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်

ကေအိုင်အိုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနချုပ် ဦးဆောင်ဖွင့်လှစ်နေတဲ့ သူနာပြုနဲ့သားဖွားသင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ဆေးရုံကြီးရှိ သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်တက်ရောက်သင်ကြားခံယူကြမည့် သင်တန်းသားများက နေရာဒေသအသီးသီးမှ ကချင်မျိုးနွယ်စုပေါင်းစုံပါဝင်သလို သူနာပြုဒီပလိုမာအတွက် (၂၂၆) ဦးနဲ့ သားဖွားသင်တန်းအတွက် (၁၉၀) ဦး စုစုပေါင်း (၄၁၆) ဦးတို့ဖြစ်ပါတယ်။

“ဆေးကျောင်းသင်ကြားပေးရခြင်းက ခေတ်မှီပြီး ကျွမ်းကျင်တဲ့ ဆရာဝန်၊ သူနာပြုတွေ များများထွက်ပေါ်လာဖို့ ဒေသအသီးသီးက လူငယ်များကို အလုပ်အကိုင်ပေး ပညာသင်ကြားပေးနိုင်င်ဖို့ ရည်ရွယ်ထားတာပါ၊ ဒီနှစ် သင်တန်းတက်ရောက်သူတွေက ယခင်နှစ်တွေထက် ပိုမိုများပြားလာတာကြောင့် နေရာထိုင်ခင်း၊ ကျောင်းခန်း၊ သူတို့အသုံးပြုမည့် ပစ္စည်း စတာတွေတော့ အခက်တွေ့နေရတယ်” လို့ ဆေးကျောင်းအုပ် ဒေါက်တာဆွမ်ဒူထုလွမ် ကပြောပါတယ်။

ကျောင်းသင်ကြားခြင်းအတွက် အချိန် ၂ နှစ်သတ်မှတ်ထားတာဖြစ်ပြီး Pre Class အတွက် ၂ လ သင်ကြားခြင်းကိုတော့ ဇွန်လ ၉ ရက်နေ့တွင် စတင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ပို့ချပေးမှာဖြစ်ကာ အခြားသော သိသင့်သိထိုက်တဲ့ အကြောင်းအရာများကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

Leave a Reply

*