ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိနေထိုင်နေကြတဲ့ ပြည်သူအချို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိနေရသလို မြန်မာနိုင်ငံအတွင်းတွင်လည်း ကိုဗစ် တတိယလှိုင်းဖြစ်ပေါ်နေကာ ရောဂါပိုးရှိသူအများအပြား ရှာဖွေတွေ့ရှိနေတာကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး စည်းကမ်းချက်များကို ပိုမိုဂရုတစိုက် လိုက်နာကြဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးဖို့ သတိကြီးစွာနေထိုင်ကြဖို့၊ ကိုဗစ်-၁၉ စည်းကမ်းချက်များ လိုက်နာဖို့၊ ကေအိုင်အိုအစိုးရမှ ချမှတ်ထားတဲ့ ညွန်ကြားချက်များကို လိုက်နာဖို့၊ မိမိဒေသဆိုင်ရာ ကိုဗစ်ကာကွယ်ရေးကော်မတီများ ချမှတ်ထားတဲ့ ဒေသစည်းကမ်းများကိုလည်း လိုက်နာကျင့်သုံးကြဖို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိထားပါတယ်။
ကေအိုင်အိုနယ်မြေဘက် ဝင်ရောက်တဲ့ ဂိတ်တစ်ခုဖြစ်တဲ့ မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်မှာတော့ ဇွန်လ ၁၆ ရက်နေ့က စတင်ပြီး ဝင်ထွက်သွားလာသူများကို ၁၄ ရက် ကျန်းမာရေးစောင့်ကြည့်ခြင်းခံယူစေမှုကို လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိအချိန် စင်တာတွင် လူဦးရေ (၁၀၀) ကျော်ကို လက်ခံထားရှိပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီထံမှ သိရပါတယ်။
ကျန်းမာရေးစောင့်ကြည့်ခံယူနေစဉ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို နှစ်ကြိမ်ပြုလုပ်ပေးတာဖြစ်ပြီး စစ်ဆေးမှုမခံယူသူများကို စစ်ရေးဂိတ်အတွင်း ဝင်ရောက်ခွင့် လုံးဝမပြုကာ ခရီးသွားလာသူများကလည်း ထောက်ခံချက်များယူဆောင်လာရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့စည်ကမ်းချက်များကို အတိအကျလိုက်နာရမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှုကို နေရာတော်တော်များများတွင် ပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပေမယ့် ထိုးနှံဖို့ လိုအပ်နေသူများလည်း ရှိနေသေးကာ ခရီးသွားလာသူများကိုလည်း သတိကြီးစွာ စောင့်ကြည့်စစ်ဆေးနေပါတယ်။