ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို ကိုဗစ်ကင်းစင်စေရေးအတွက် ကိုဗစ်ပိုးရှိသူများကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး သီးသန့်ကုသရေးစင်တာအဖြစ် မိုင်ဆပ်ပါ ကိုဗစ်-၁၉ စင်တာတွင် ပိုးကူစက်ခံထားရသူ လူနာ (၈၀၀) ကျော် ဆေးဝါးကုသ စောင့်ကြည့်မှုကို ခံယူနေကြပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသနှိမ်နှင်းရေး ဗဟိုကော်မတီဝင်များအနေဖြင့်လည်း ဆေးဝါးကုသမှုခံယူနေသူများထံ သွားရောက် အားပေးမှုတွေ ပြုလုပ်နေပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးမှုတွေ လုပ်ဆောင်နေကြရပါတယ်။
ဆေးဝါးကုသ စောင့်ကြည့်ရေးစင်တာများဖြစ်တဲ့ မိုင်ဆပ်ပါ ကုသရေးစင်တာဟောင်းမှာတော့ လူနာ (၂၇၃) ဦးရှိနေပြီး မိုင်ဆပ်ပါစင်တာသစ်မှာတော့ (၅၇၉) ဦးကို ကျန်းမာရေးစောင့်ကြည့်နေကြသလို အာဟာရပြည်ဝစွာဖြင့် ပြန်လည်ကောင်းမွန်လာစေဖို့ တစ်နေ့လျှင် ၄ ကြိမ် အစားအသောက် ထောက်ပံ့နိုင်အောင် ကြိုးစားနေကြောင်း စင်တာတာဝန်ခံက ပြောပါတယ်။
လိုင်ဇာဒေသတွင် ဒီဇင်ဘာ ၃ ရက် ယနေ့အချိန်ထိ ကိုဗစ်ပိုးရှိလူနာ (၅၀၀၀) ကျော်ကို စစ်ဆေးထားနိုင်ပြီး ထိုအထဲမှ (၃၀၀၀) ကျော်ကတော့ ပျောက်ကင်းသက်သာ ပိုးကင်းစင်သွားကြပြီးဖြစ်ကာ လက်ရှိ ဆေးဝါးကုသ ကျန်းမာရေးစောင့်ကြည့်ခံနေသူကတော့ ၁၈၁၂ ဦးအထိရှိနေသေးသလို ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူကတော့ ၅ ဦးရှိကြောင်း သိရပါတယ်။