ကေအိုင်အိုထိန်းချုပ်နယ်မြေ နယ်စပ်စစ်ဘေးရှာင်စခန်းများတွင် ကိုဗစ်ကူးစက်သူမရှိ

မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပေါ်နေချိန် ကေအိုင်အိုထိန်းချုပ်နယ်မြေအချို့တွင်လည်း ကိုဗစ်ကူးစက်ခံရမှုတွေရှိလာခဲ့တာကြောင့် လိုင်ဇာမြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါကို ပိုက်စိပ်တိုက်ရှာဖွေပြီး ၂ ကြိမ်တိုင် ကိုဗစ်ပိုးရှိမရှိကို စစ်ဆေးမှု ဩဂုတ်လ ၁၀ ရက်နေ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

ထိုသို့  ၂ ကြိမ် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရာမှာတော့ ဂျေးယန်နဲ့ ဖွန်လွန်ယန်၊ ဆွတ်မူအောင်၊ ဒွန်ဘွမ်စစ်ဘေးရှောင်စခန်းများမှာတော့ ကိုဗစ်ကူးစက်ခံထားရသူမရှိကြောင်း စခန်းတာဝန်ခံများက ပြောပါတယ်။

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းကြောင့် ဆေးဝါးကုသမှုခံယူနေသူ ၄၅ ဦးရှိကာ သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံနေသူကတော့ ၆၃ ဦးရှိပါတယ်။

မိုင်ဂျာယန်မြို့မှာတော့ ကိုဗစ်ကူးစက်ခံထားရ ၇၃၄ ဦးကို ဆေးဝါးကုသမှု ပေးအပ်နေကာ ထိုအထဲမှ ၁၉၇ ဦး ရောဂါကင်းစင်သွားတာကြောင့် သီးသန့်ကျန်းမာရေးထပ်မံစောင့်ကြည့်ခြင်း ခံယူနေပြီး ၃၄ ဦးကတော့ နေရပ်ပြန်ခွင့်ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။

ဆဒုံမြို့နယ်မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၂၁ ဦးရှိကာ သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံနေသူ ၅၁ ဦးရှိကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရပါတယ်။

လက်ရှိမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေများတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့အနေအထားထိရောက်အောင် ပိုးရှိမရှိစစ်ဆေးမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေပြီး ကျန်းမာရေးစောင့်ကြည့်မှုနဲ့ ဆေးဝါးကုသမှုများကိုလည်း စနစ်တကျလုပ်ဆောင်နေကြပါတယ်။

Leave a Reply

*