ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဒေသအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦးကို ရှာဖွေနိုင်ခဲ့ကြောင်း ကိုဗစ်ကော်မတီထံမှ သိရှိရပါတယ်။
ရောဂါပိုးရှိသူများက မြစ်ကြီးနားမြို့ကနေ ရောက်ရှိလာသူများဖြစ်ကာ ဇန်နဝါရီ ၂၉ ရက်နေ့က ဇွပ်မိုင်ယန်စစ်ဆေးရေးဂိတ်တွင် အသက် (၃၀) အရွယ်အမျိုးသားတစ်ဦး၊ ၃၀ ရက်နေ့မှာတော့ ခဘာဂိတ်တွင် အသက် (၂၄)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ၃၁ ရက်နေ့မှာတော့ လောဒ့်မိုင်ယန်ဂိတ်တွင် အသက် ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့တွင် ပိုးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
“ကျတော်တို့ဒေသဘက်မှာ ကိုဗစ်ရောဂါပိုးစစ်ဆေးနိုင်တာတွေရှိနေတယ် အဲ့ဒီရောဂါပိုးရှိသူတွေကိုတော့ မြစ်ကြီးနားဆေးရုံဘက်ကိုလွဲပြောင်းပေးထားတယ်၊ ခရီးသွားလာခွင့်ကိုလည်း ခေတ္တပိတ်ထားပါတယ်” လို့ ဒေသဆိုင်ရာ ကိုဗစ်ကော်မတီ အတွင်းရေးမှူးကပြောပါတယ်။
လက်ရှိစစ်ဆေးတွေ့ရှိထားတဲ့ ကိုဗစ်ရောဂါပိုးရှိသူ သုံးဦးကို မြစ်ကြီးနားဆေးရုံကြီးဘက် လွဲပြောင်းပေးထားပြီး မြောက်ပိုင်းဒေသဘက်ကို မြစ်ကြီးနားမှ လာရောက်တဲ့လမ်းပိုင်းနဲ့ ခဘာဂိတ်များကိုလည်း အချိန်သတ်မှတ်ချက်မရှိ ပိတ်ပင်ထားပြီးဖြစ်ပါတယ်။
ဒီဒေသဘက်ကို ခရီးသွားလာမည့်သူများကို ဒီဇင်ဘာ ၃၀ ရက်နေ့ကစတင်ပြီး , Covid Antigent test ဖြင့် ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်ကာ ကျန်းမာရေးစောင့်ကြည့်ခြင်းများကို လုပ်ဆောင်နေတာလက်ရှိအချိန်ထိဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်ရောဂါပိုးရှိသူ ၄ ဦးကို တွေ့ရှိထားပါတယ်။