ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဌာနချုပ်ရှိ ဇွပ်မိုင်ယန်ကျန်းမာရေးစောင့်ကြည့်နေရာ၊ စစ်ဆေးရေးဂိတ် (၁၇) မိုင်နေရာတွင် မြစ်ကြီးနား ပလန ကက်သလစ်စစ်ဘေးရှောင်စခန်းကနေ ရောက်ရှိလာတဲ့ အသက် (၁၅) နှစ်အရွယ် ကလေးတစ်ဦဂတွင် ကိုဗစ်-၁၉ ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့က မြစ်ကြီးနားကနေ အမျိုးသား (၄) ဦးဝင်ရောက်လာရာမှ ရောဂါစစ်ဆေးရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ကျန်သုံးဦးကိုလည်း လက်ရှိအချိန်တွင် ကျန်းမာရေးစောင့်ကြည့်ခြင်းများလုပ်ဆောင်နေပြီး ရောဂါပိုးတွေ့ရှိသူကိုတော့ မြစ်ကြီးနား ဆေးရုံကြီးဘက်ကို လွဲပြောင်းပေးခဲ့ကြောင်း သိရှိရပါတယ်။
“မြစ်ကြီးနား ပလန ကနေ တက်လာတဲ့အမျိုးသား ၄ ဦးက တစ်ဦးမှာ တွေ့ရှိခဲ့ရတာပါ၊ နှစ်ခါစစ်ဆေးတဲ့အချိန်လည်း သူ့မှာပဲ ပိုးရှိကြောင်းပြသနေတာကြောင့် မြစ်ကြီးနားဘက်ကိုလွဲပြောင်းပြီး စစ်ဆေးကြည့်ရင်လည်း ပိုးရှိကြောင်းအဖြစ်ထွက်တော့ သူ့ကိုအခုမြစ်ကြီးနားဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်” လို့ ကိုဗစ်-၁၉ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီ အတွင်းရေးမှူးကပြောပါတယ်။
ရောဂါပိုးတွေ့ရှိသူနဲ့အတူရောက်ရှိလာတဲ့ အမျိုးသား သုံးဦးနဲ့ ကားဆရာကိုလက်ရှိအချိန်တွင် သီးသန့်ကျန်းမာရေးစောင့်ကြည့်တဲ့နေရာတွင်ထားရှိထားကာ မြောက်ပိုင်းဌာနချုပ်အတွင်းရှိ မလိအင်မိုင်ဝါလောင်၊ ဇွပ်မိုင်ယန် (၁၇) မိုင်စစ်ဆေးရေးဂိတ်တွင် ဝင်ထွက်သွားလာခြင်းကို ဇန်နဝါရီ ၁၁ ရက်နေ့ကစတင်ပြီး ပိတ်ပင်ထားလိုက်ပြီဖြစ်ကြောင်း ကိုဗစ်ကော်မတီထံမှ သိရှိရပါတယ်။
မြောက်ပိုင်းဌာနချုပ်အတွင်းကို ခရီးသွားလာသူများအားလုံးကို ဒီဇင်ဘာ ၃၀ ရက်နေ့ကစတင်ပြီး ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကာ စစ်ဆေးခံပြီးခရီးသွားလာသူ အယောက် (၃၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။