စက်တင်ဘာ ၁ ရက်နေ့ကစတင်ပြီး ကချင်ပြည်နယ်ပြင်ပမှ ခရီးသွားပြည်သူများ ကေအိုင်အိုထိန်းချုပ်နယ်မြေထဲ ခရီးသွားလာမည်ဆိုပါက ကျန်းမာရေးစောင့်ကြည့်ခြင်း ခံယူရမည်ဖြစ်ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီကထံမှ သိရှိရပါတယ်။
သတ်မှတ်ထားတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာများတွင်း ၇ ရက် တိတိ ခံယူရမှာဖြစ်ပြီး ထိုစဉ် စားသောက်မည့်အရာကိုလည်း ကိုယ့်အစီအစဉ်ဖြင့်သာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယခင်တွင် ကေအိုင်အိုနယ်မြေအတွင်းကို ခရီးသွားလာဝင်ရောက်လာသူများကို ကျန်းမာရေးစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံတွင်း ပြည်တွင်းကူးစက်မှုတွေ မတွေ့ရှိတော့တာကြောင့် စောင့်ကြည့်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ပေမယ့် ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ပြည်တွင်းကူးစက်မှုတွေ တကျော့ပြန်တွေ့ရှိရတာကြောင့် စစ်ဆေးရေးဂိတ်များတွင် ပြန်လည်စောင့်ကြည့်မှုတွေ ထပ်တိုးလုပ်ဆောင်လာတာဖြစ်ပါတယ်။
လက်ရှိကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၃၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မနက်ပိုင်း ၁၂ ဦးနဲ့ ညနေပိုင်းတွင် ၉၅ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ကာ တစ်ရက်အတွင်း ၁၀၇ ဦးအထိ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၈၈၂ ဦးအထိ တွေ့ရှိထားပြီးဖြစ်ပါတယ်။