ကချင်လွတ်မြောက်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနကနေ သင်ကြားပို့ချနေတဲ့ အမှတ်စဉ် ၁၃ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာသင်တန်းကျောင်းကို ဧပြီ ၆ ရက်နေ့က အလန်းဘွမ် ဖုံဝါခန်းမတွင် စတင်ခဲ့ပါတယ်။

အမှတ်စဉ် ၁၃ လူဝင်မှုကြီးကြပ်ရေးသင်တန်းမှာတော့ သင်တန်းသား ၃၈ ဦးပါဝင်သင်ကြားခံယူမှာဖြစ်ပြီး လက်ရှိအချိန်တွင် လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းလိုအပ်နေတာကြောင့် ယခင်ထက်ပိုမိုကျယ်ပြန်တဲ့ လုပ်ငန်းဆောင်တာများကို တိုးချဲ့လုပ်ဆောင်သွားနိုင်ဖို့ သင်တန်းသားသစ်များကို ခေါ်ယူလေ့ကျင့်သင်ကြားပေးပြီး တာဝန်ထမ်းဆောင်စေတာဖြစ်ကြောင်း သိရပါတယ်။
သင်တန်းကာလအနေဖြင့် ၂ လ သတ်မှတ်ထားကာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပညာရပ်များကို အဓိကထားပို့ချပေးမှာဖြစ်ပြီး အခြားသော ဘာသာရပ်များ၊ ကချင်ရိုးရာဆိုင်ရာပညာများ၊ နိုင်ငံရေးမူဝါဒများ၊ အခြားသောဌာနများနဲ့ချိတ်ဆက်ဆောင်ရွက်ရမှုများကိုလည်း လက်တွေ့သင်ကြားပို့ချသွားဖို့ရှိနေတာပါ။
ယခုလို လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းကို နှစ်စဉ်နှစ်တိုင်းတိုးချဲ့ဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်တွေ့ခဲ့ရသလို လက်ရှိနိုင်ငံရေးအခြေအနေကြောင့်လည်း ကျောင်းဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်မှုတွေနောက်ကျခဲ့ရခြင်းကြောင့် ၂၀၂၁ ခုနှစ်တွင် နောက်တစ်ဖန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။