ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအောင်ရဲ့ နှစ်သစ်မိန့်ခွန်း နားထောင်ခြင်းအစီအစဉ်နဲ့ ၂၀၂၁ နှစ်သစ်အဖွင့် ကျေးဇူးတော်ချီးမွမ်းခြင်း ဆုတောင်းခြင်းများကို ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့တွင် ပဒန်ရုံးခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

နှစ်သစ်ဆုတောင်းပွဲမှာတော့ ဒုတိယဥက္ကဌ ၁ ဗိုလ်ချုပ်ကြီး ဂွန်တန် ဂမ်ရှောင်၊ ကေအိုင်စီ ဒုတိယ ဥက္ကဌ ၂ ဗိုလ်မှုးချုပ် ဇောင်းဘုတ်ထန်းနဲ့အတူ ဌာနချုပ်ရှိ တာဝန်ရှိသူများ၊ ဌာနအသီးသီးက ခေါင်းဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့နဲ့ ဘာသာရေးခေါင်းဆောင်များ ပါဝင်ခဲ့ကြပါတယ်။
ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအောင်ရဲ့ ၂၀၂၁ ခုနှစ် နှစ်သစ်ကြိုဆိုမိန့်ခွန်းကိုတော့ အထွေထွေ အတွင်းရေးမှုး ဦးကမ်ထပ် ထိန်နန်မှ ဖတ်ကြားပေးကာ အပြစ်ဖြေလွတ်ဆုတောင်းခြင်းနဲ့ ကောင်းကြီးတောင်းခံခြင်းများလုပ်ဆောင်ခဲ့တာပါ။
ဥက္ကဌရဲ့မိန့်ခွန်းထဲမှာတော့ မြန်မာအစိုးရခေတ်အဆက်ဆက်ရဲ့ ကတိစကားများ မတည်မြဲခြင်းကြောင့် လက်နက်ကိုင်တော်လှန်နေရခြင်းဖြစ်ကာ တိုက်ပွဲများဖြင့်ဖြစ်ပွားနေတဲ့လမ်းစဉ်နဲ့ နိုင်ငံတည်ဆောက်ဖို့အတွက် လူဦးရေအရနည်းပါးတဲ့ကျတော်တို့လူမျိုးများအတွက် ခက်ခဲနိုင်တာကြောင့် ရိုးရာယဉ်ကျေးမှု၊ အရေးပါတဲ့တေးသီချင်း၊ စီးပွားရေးများဖြင့်လည်း အထောက်အကူပြုစေတဲ့အပြင် နည်းလမ်းအမျိုးမျိုးဖြင့် လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေကြရတာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ကချင်လူမျိုးအဖြစ် လူမျိုးကြီးတစ်ခုဖြစ်တည်လာဖို့ နိုင်ငံရရှိတဲ့လူမျိုး၊ နိုင်ငံကိုအုပ်ချုပ်နိုင်တဲ့လူမျိုးဖြစ်ကြစို့၊ ကချင်မျိုးနွယ်စုတိုင်း တိုးတက်ဖြစ်တည်လာအောင် တည်ဆောက်သွားကြစို့၊ အားတွန်ခွန်စိုက်လုပ်ဆောင်သွားကြဖို့ ဥက္ကဌကတိုက်တွန်းထားပါတယ်။
ယခင်နှစ်များက ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအောင်ရဲ့ နှစ်သစ်မိန့်ခွန်း နားထောင်ခြင်းအစီအစဉ်ကို လူဦးရေများပြားစွာဖြင့် ပြုလုပ်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူဦးရေအကန့်အသတ်ဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။