ကိုးကန့်တပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲပြင်းထန်နေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုး-ဖောင်းဆိုင်ဒေသမှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေကာ အာဏာသိမ်းစစ်တပ်ကလည်း တပ်အင်အားတိုးချဲ့မှုတွေကို ထပ်တိုးလုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

ယနေ့မနက် ၉ နာရီကစတင်ပြီး အာဏာသိမ်းစစ်တပ်က ဗမာနိုင်တောင်တဝိုက် ထိုးစစ်ဆင်လာမှုကြောင့် ကိုးကန့်တပ်မတော် (MNDAA) မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ အူရောဘွမ်တဝိုက်၊ ယိခူးကျေးရွာအနီးနဲ့ ပန်ဆိုင်းကျေးရွာအနီးတွင်လည်း ညနေပိုင်း ၂ နာရီခန့်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးသံတွေကို ဒေသခံများ ကြားနေခဲ့ကာ ပန်ဆိုင်းကျေးရွာ ဘုရားကျောင်းဝင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုရှိခဲ့ပေမယ့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) ကြား မုံကိုးဒေသ ဗမာနိုင်တောင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ယနေ့တွင်လည်း ထပ်မံဖြစ်ပွားနေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ် ခမရ ၅၁၈ အဖွဲ့ အင်အား ၁၆၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်လာစဉ် ကိုးကန့်တပ်မတော် (MNDAA) တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲအထိ မုံကိုးဒေသ နာဟပ်ပါတွင် ထိတွေ့မှုရှိခဲ့ပြီး မန်ကောင်နဲ့ လွယ်ဝိန်းတွင်လည်း ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မုံကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်နေတာကြောင့် ကိုးကန့်တပ်မတော်နဲ့ နှစ်ဖက်တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ အနီးဝန်းကျင်ကျေးရွာမှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေရကာ အများစုကတော့ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အာဏာသိမ်းစစ်တပ်က စားသောက်ကုန်ဖြတ်တောက်မှုကိုလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

Leave a Reply

*