ကိုယ်စားပြုပေးပါ

ကချင်ပြည်ဝန်ကြီး ဒူဝါဇန်ထားဆင်ကတော့ ဒီမိုကရေစီပြောင်းပြန်ပါတဲ့။ ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရက ကချင်ပိုင်နက် ဖီမော်၊ ဂေါ်လမ်၊ ကန်ဖန်ဒေသတွေကို တရုတ်နိုင်ငံဆီ ရောင်းစားလိုက်တုန်း က ရေးခဲ့တဲ့ စာအုပ်နာမည်ပါ။ ဒီမိုကရေစီအစိုးရ ဆိုပေမယ့် ပြည်သူ့သဘောထားကို အလေးမထား၊ ကချင် လူထုကို တစ်ချက်မှ မတိုင်ပင်ဘဲ ကချင်ပိုင်နက်မြေကို လက်ဆောင်ပေးသလို ပေးလိုက်လို့ ဒူဝါ ဇန်ထားဆင်က အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ယောက်ဖြစ်လျက်နဲ့ ပြည်မအစိုးရကို ပြင်းပြင်းထန်ထန် ပြန်ဝေဖန်ခဲ့တာပါ။

သမိုင်းတပတ်လည်တယ်ပဲ ပြောရမလား၊ ခုလည်းထိုနည်းနှင်နှင်ပါပဲ။ ဒီမိုကရေစီပြောင်းပြန်၊ ဒီမိုကရေစီ ဇောက်ထိုး မဟုတ်တောင် ဒီမိုကရေစီကန့်လန့်လောက်တော့ ဖြစ်မယ်ထင်တယ်။ ဘုရားက အောက်၊ မျောက်ကအထက် ဆိုသလို အဖေထက် သားတလကြီးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ကမောက် ကမ နိုင်ပုံ တွေက ပြောမဆုံးပေါင် တောသုံးတောင် အားလုံးအသိမို့ ဒီမိုကရေစီကန့်လန့်လို့ ပြောတာကို သဘော မတူတဲ့သူ မရှိလောက်ပါဘူးနော်။ ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတုန်းက ကန့်ကွက်မဲပေးခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်ရှာမတွေ့တဲ့အတွက် မဲပေးဖို့ နေနေသာသာ၊ မဲစားရင်းမှာ ကိုယ့်နာမည်ပါလား၊ မပါလားတောင် သွားမကြည့်ဖြစ်ခဲ့ပါဘူး (ဒီကြား ဖြတ်ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် မကြုံလိုက်ပါဘူး)။ ဆိုလိုတာ ကတော့ လက်ရှိလွှတ်တော်နဲ့ အစိုးရ အာဏာရနေခြင်းမှာ ကျနော့်ပယောဂ မပါပါဘူး။ “My hands are clean” ပါ။ နို့ပေမယ့် ဇောက်ထိုးပဲ ဖြစ်ဖြစ်၊ အတည့်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီက ဒီမိုကရေစီပဲ မဟုတ်လား။ အများဆန္ဒကို လိုက်နာရမှာပေါ့။ လူနည်းစုရဲ့သဘောထားကို လေးစားတန်ဖိုးထားလျက် လူများစုရဲ့ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက် တာဟာ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့အတွက် ကျနော် ကတော့ ငါထောက်ခံတဲ့ အစိုးရမဟုတ်လို့ ဘာမဆို ကလန်ကဆန် လုပ်မယ်၊ ငါသဘောတူတဲ့ အလံ တော် မဟုတ်လို့ အလေးမပြုဘူးလို့ မစဉ်းစား ပါဘူး။ အများဆန္ဒကို လေးစားပါတယ်၊ ကျေနပ်ပါ တယ်။

အဲ ကျနော် မကျေနပ်နိုင်တာက အနှီကန့်လန့်ဖြစ်နေတာကြီးပါ။ အများရဲ့ ရွေးကောက်မှုမဟုတ်ဘဲ ရုပ်ရှင်ရိုက်သလို ဒါရိုက်တာဘဘကြီးက ဟိုကောင် ထိပ်ကွက် မင်းက မင်းသားလုပ်၊ ဗိုက်ပူ မင်းက ဇာတ်ပြိုင်၊ ဟို ပုကွကွနဲ့ကောင် မင်းက သေနတ်ကိုင် ဗီလိန်လုပ်စမ်းဆိုပြီး နေရာချ ထားပြီးမှ လူထုကို ဒီလူတွေကိုပဲ ပြန်မဲပေးရွေးခိုင်းတာကြီးက ဒီမိုကရေစီအခွံကြီးထဲမှာတော့ အရမ်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားပါပဲ။ ဟုတ်ကဲ့၊ ဒီလို သတ်မှတ်ထားပြီးသားလူကိုပဲ ပြန်ရွေးခိုင်းခြင်းက နံပါတ်တစ် ဇောက်ထိုးဖြစ် မှုပါ။ မျိုးစေ့မှန်မှ အပင်သန်မှာမို့ နဂိုကတည်းက ဇောက်ထိုးဖြစ်နေတဲ့ ဒီမိုကရေစီကြီးကနေ ဘယ်လိုအသီး အပွင့်တွေ မျှော်လင့်ရမလဲတောင် မသိတော့ပါဘူး။

အရင်ကာချုပ်က သူ့သဘောနဲ့သူ နေရာချခဲ့သလို နောက်ကာချုပ်ကိုလည်း အစိတ်ဖိုး အာဏာ အပ်နှင်း ခဲ့ပါသေးတယ်။ ဒီမိုကရေစီနိုင်ငံတခုမှာ ကျနော် နားလည်တဲ့ စစ်သားဆိုတာက ပြည်သူ့ ၀န်ထမ်းပါ။ ပြည်သူတွေရဲ့ဝန်ကို ထမ်းမယ့်၊ ပြည်သူ့အစေကို ခံမယ့်၊ ပြည်သူရဲ့ ထိန်းချုပ်မှုအောက် အပြည့်အ၀ရှိရမယ့် အင်အားစုပါ။ အခုဖြစ်နေပုံအရ ကာချုပ် ဦးဆောင်တဲ့ တပ်မတော်ကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာ ထီးထီးကြီး ပေါလောပေါ်နေပါတယ်။ ဖွဲ့စည်းပုံဥပဒေထဲမှာ ပြည်သူလူထုက ကာချုပ်ကို ရွေးချယ်ခန့်ထား ခွင့်ရှိတယ်ဆိုတာ မပါသလို စစ်ဆင်ရေးတွေမှာ ကာချုပ်ကို ဘယ်သူက အမိန့်ပေးခွင့်ရှိတယ်ဆိုတာ မပြတ်သားပါဘူး။ စစ်ဆင်ရေးတွေမှာ ဘယ်သူက ဆုံးဖြတ်ခွင့်ရှိသူလဲ ဆိုတာ အမိန့်စီးဆင်းပုံ မပြေပြစ် ပါဘူး။ နိုင်ငံတော်သမ္မတက ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေး၊ ၀န်ကြီးကနေမှ ကာချုပ်ကို ညွှန်ကြား၊ အဲလိုဖြစ်ရမှာ ဖြစ်ပေမယ့် ၂၀၀၈ဖွဲ့စည်းပုံအရ ကာချုပ်က ဒုသမ္မတအဆင့်ပါ။ ကာကွယ်ရေးဝန်ကြီးထက် ရာထူးကြီးသလို (သူကိုယ်တိုင်က ကာကွယ်ရေးဝန်ကြီး ကို ပြန်ခန့်တာပါ) သမ္မတကလည်း ကာချုပ်ရဲ့ စစ်ဆင်ရေးအပိုင်းမှာ ၀င်ရောက်စွက်ဖက်ခွင့် ကန့်သတ် ခံထားရပါတယ်။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာချုပ်ဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတရဲ့ ထိန်းချုပ် မှု အောက်မှာ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာချုပ်ဟာ ပြည်သူလူထုရဲ့အောက်မှာ မရှိပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ပက လူထုရဲ့စည်းလုံးမှု အားနဲ့ ကာချုပ်ကို ထိန်းကွပ်နိုင်မှာကို မှတ်ထားရပါမယ်။

ကချင်တပ်မတော်နဲ့ ပြည်မတပ် လောလောလတ်လတ် ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြည်မ မှာရှိတဲ့ ဗမာတိုင်းရင်းသားများနဲ့ အခြားတိုင်းရင်းသား ညီအစ်ကိုတွေကို ကျနော် ဒီနေရာကနေ ရှင်းပြ ချင်ပါတယ်။ ဘယ်သူတွေ လွန်သလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ နည်းနည်း ဆွေးနွေးပါ့မယ်။ ပါဝင် ကူညီနိုင်တဲ့ ကိစ္စတွေမှာလည်း တတပ်တအား ကူညီကြပါလို့ တောင်းဆိုလိုပါတယ်။ လက်ရှိအစိုးရ ဟာ မည်သို့ပင်ဆိုစေကာမူ (ဒီမိုကရေစီသဘောအရ) ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့ အစိုးရဖြစ် တယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ကချင်လွတ်မြောက်ရေးအစိုးရဟာလည်း ကချင်အမျိုးသား တရပ်လုံးကို ကိုယ်စားပြုတယ်ဆိုတာတော့ Common ground အဖြစ် သတ်မှတ်ထားဖို့ လိုပါမယ်။

မသိသေးတဲ့သူတွေအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးအစိုးရနဲ့ ကချင် လွတ်မြောက်ရေးတပ်မတော်တွေရဲ့အကြောင်း နည်းနည်းရှင်းပြပါရစေ။ KIO ဟာ ကချင်လူထုကနေ ပေါက်ဖွားလာတဲ့ အမျိုးသားအဖွဲ့အစည်းစစ်စစ်ဖြစ်ပါတယ်။ ကိုလိုနီခေတ် ဒို့ဗမာအစည်းအရုံးလို တမျိုးသားလုံးကို ကိုယ်စားပြုပါတယ်။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ Autonomy နဲ့ Federalism ပါ။ မသမာသူတွေ ၀ါဒဖြန့်သလို၊ ခွဲထွက်ရေးမဟုတ်ပါဘူး။ မဟုတ်တော့ပါဘူး။ တချိန် ကတော့ ပြည်ထောင်စုကနေ ခွဲထွက်ပြီး သီးခြား Wunpawng Gumrawng Gumtsa Mungdan (၀မ်ပေါင် သမ္မတနိုင်ငံ) ဆိုတာ ထူထောင်ဖို့ ရည်ရွယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အားလုံးကို မမေ့စေချင်တာကတော့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးစဉ်က လိုတာထက်ပိုပြီး တက်ကြွခဲ့တာဟာ ကချင်တွေဖြစ်တယ်ဆိုတာပါပဲ။

နဂိုကတည်းက သီးခြားတိုင်းပြည်အနေနဲ့ နေချင်ရင် ပင်လုံစာချုပ်ဆိုတာ လှည့်ကြည့်စရာတောင် မလို ပါဘူး။ ပြည်ထောင်စုစနစ်နဲ့ ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံး၊ သာတူညီမျှ နေချင်လို့သာ ပြည်ထောင်စုထဲ ၀င်လာတာပါ။ ဒါပေမယ့် မျှော်လင့်သလို ဖြစ်မလာဘူးလေ။ ပြည်ထောင်စုနဲ့ မဆိုင် သလိုခွဲခြား ဆက်ဆံခံရတယ်။ ခုပဲကြည့်၊ ကြားဖြတ်ရွေးကောက်ပွဲမှာမဲပေးခွင့်မရဘူး။ ပြည်ထောင်စု တ၀ှမ်းလုံးမှာ တိုင်းရင်းသားအားလုံး ပါဝင်ခွင့်ရပေမယ့် ကချင်တွေမပါပြန်ပါဘူး။ ပြည်ထောင်စုထဲကနေ ခွဲထုတ်ခံနေရပါတယ်။ ခွဲထွက်ချင်တာမဟုတ်ဘဲ ခွဲထုတ်ခံရတာပါ။ ခွဲထုတ်ခံရ လို့ ခွဲထွက်ဖို့ စဉ်းစားခဲ့ တာပါ။ ဒါကြောင့် တချိန်ကတော့ သီးခြားတိုင်းပြည်အနေနဲ့ ခွဲထွက်ဖို့အထိ မူဝါဒပိုင်း တင်းမာခဲ့ပါတယ်။ ကြာခဲ့ပါပြီ။ ခုတော့ Federal Union (ပြည်ထောင်စုဖက်ဒရေးရှင်းကြီး) ထဲက Wunpawng Gumrawng Gumtsa Mungdan (၀မ်ပေါင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်ထောင်) အဖြစ် ရပ်တည်ဖို့ တိုက်ပွဲဝင်နေပါ တယ်။ အဖွဲ့အစည်းအတွင်းမှာလည်း တစုံတယောက်က တစ်ဘက် သတ် အာဏာချုပ်ကိုင်မှုမရှိဘဲ အများဆန္ဒခံယူလျက် ဒီမိုကရေစီစနစ်နဲ့သာ မျှတစွာ တာဝန်ယူနေကြ ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုတာ စဉ်းတောင်မစဉ်းစားဖူးပါဘူး။

အဲဒီတော့ လက်ရှိ ပြည်မတပ်မတော် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေဟာ ဘယ်သူ့သဘောနဲ့ ဖြစ်သလဲ ဆိုတာ မေးပါရစေ။ သမ္မတကြီးက ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြိုးပမ်းမယ်လို့ ပြောထား ပါရက်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ကို ထိုးစစ်ဆင်ဖို့ ဘယ်သူ အမိန့်ပေးပါသလဲ။ သမ္မတ ကြီးက ပြည်မ တပ်အားလုံး ၂၀၁၁၊ ဇွန်မတိုင်ခင်က အနေအထားအထိ ပြန်ဆုတ်ခွာပါ၊ တိုက်ပွဲဖြစ်ပွား နိုင်တဲ့ အနီးကပ် ထိတွေ့မှု မဖြစ်ပေါ်အောင် စစ်ကြောင်းမထွက်ပါနဲ့၊ တိုက်ကင်း မထွက်ပါနဲ့လို့ ဘာလို့ အမိန့်မပေးတာ ပါလဲ။ မပေးနိုင်လို့လား၊ မပေးချင်လို့လား။ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ပထမအဆင့် အပစ်အခတ်ရပ်စဲရေးက ဒီလောက် အရေးကြီးပါတယ်ဆိုရင် ဘာလို့ (နဂိုကတည်းက ရှိပြီးသား) ၁၉၉၄ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပါသလဲ။ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ကိုယ်ကစပြီး ချိုးဖောက်ခဲ့ပါရက်နဲ့ ဘာလို့ ခုမှအသဲအသန် အပစ်မရပ်ရင် နိုင်ငံရေးမဆွေးနွေး ဘူးလို့ ဖြစ်ရပါသလဲ။ အနည်းဆုံးတော့ အပစ်မရပ်ခြင်းဟာ ကချင်တပ်မတော်က သဘောထား တင်းမာလို့ ဖြစ်တယ်လို့ ဘာကြောင့် မျက်နှာပြောင်တိုက် ပြောရပါသလဲ။ သမ္မတက ခန့်ထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အပစ်ရပ်ဖို့ ဆွေးနွေးပွဲဝင် နေချိန်မှာ၊ တပ်မတော်က ဘာလို့ အပစ် မရပ်နိုင်အောင် လုပ်နေရပါသလဲ။ ကချင်တွေ အပြစ်ဖြစ် အောင် ကြိုပြီးတော့များ လက်ဝါး ချင်းရိုက် ထားကြလေသလား။ ဒါတွေ စဉ်းစားကြည့်တော့ သဘော ထား မမှန်တာ၊ အနိုင်အထက်ပြုကျင့်ချင် တာဟာ ဘယ်သူလဲဆိုတာ ရှင်းလာပါတယ်။

ကျူးကျော်ဝင်ရောက်လာသူနဲ့ ခုခံတွန်းလှန်သူကြားမှာ တိုင်းရင်းသားညီအစ်ကိုတို့ ဘယ်သူဘက်က ရပ်တည်မှာပါလဲ။ ဘယ်သူ့အလွန်ဖြစ်ပါသလဲ။ ကချင်တပ်မတော်အနေနဲ့ကတော့ ကိုယ်ဒေသထဲ ၀င် လာတဲ့ ဘယ်နယ်ချဲ့တပ်ကိုမဆို ခံပစ်ရမှာပါပဲ။ မင်းအောင်လှိုင်ရဲ့တပ်မှ မဟုတ်ပါဘူး၊ တရုတ်တပ် ပဲဖြစ်ဖြစ်၊ နောက်ဆုံး အမေရိကန်တပ်ဆိုရင်တောင် မတရားကျူးကျော်ဝင်လာရင်တော့ ပစ်ရမှာပဲ။ ရပါတယ်၊ ခင်ဗျားတို့တပ်တွေ ၀င်လာပါ၊ နိုင်ငံရေးဆွေးနွေးပြီးမှ ပြန်ထွက်သွားကြပေါ့လို့ လုပ်ရင် သီပေါမင်းလို ပါတော်မူကုန်မှာပေါ့။ ကိုယ့်ဒေသထဲ နယ်ချဲ့တပ်တွေကို အသာတကြည် အ၀င်ခံ ရအောင်၊ ကချင်လွတ်မြောက်ရေးအစိုးရနဲ့ ကချင်တပ်မတော်ခေါင်းဆောင်တွေက သီပေါမင်းနဲ့ ဘာမှ မတော်ပါဘူး။ လက်ရှိ Status quo အရ ကချင်တို့ရဲ့ တောင်းဆိုမှုကလည်း အစွန်းမရောက်ပါဘူး။ ပြည်မ တပ်မတော် ဟာ ကချင်ပြည်ထဲ လုံးဝ တပ်မစွဲရ၊ အခြေမစိုက်ရလို့ သဘောမထားပါဘူး။ ပြည်ထောင်စုထဲမှာ ပါဝင်တဲ့ ပြည်နယ်တရပ်ဖြစ်တဲ့အတွက် ကချင်ပြည်ထဲမှာ ပြည်ထောင်စုအစိုးရရဲ့ အလုံးစုံ ထိန်းချုပ်မှုအောက်က ပြည်ထောင်စုတပ်မတော်စစ်စစ် စနစ်တကျ တပ်စွဲရမှာပါ။ အလားတူပဲ ပြည်နယ်အစိုးရအောက်မှာ ပြည်နယ်တပ်မတော်ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် ပြုရပါမယ်။ ဒါပေမယ့် ပြည်ထောင်စု တပ်မတော်စစ်စစ် မဖွဲ့စည်းနိုင်မီ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ယိုင်နဲ့နေချိန်မှာ ပဋိပက္ခဖြစ်နိုင်တဲ့ အနေ အထားတွေကို ရှောင်ကျင်စေချင်ပါတယ်။ အပစ်အခတ် ရပ်စဲ ဖို့အရေး၊ ပြည်မတပ်မတော်အနေနဲ့ ပစ်ဖို့မလိုအောင်သာ နေပေးပါ။ ဒါဆို အများကြီး အရာရောက်ပါ တယ်။ ၁၉၉၄ စာချုပ်ကို ပြန်အသက် သွင်းရာ ရောက်ပါလိမ့်မယ်။

ပစ်အခတ်ရပ်စဲရေးစာချုပ် ပြန်ချုပ်မယ်ဆိုရင်လည်း ကြားမှာ အာမခံပေးမယ့် ဂုဏ်သိက္ခာရှိသူ၊ တတိယပုဂ္ဂိုလ်ကို ကချင်တွေ တောင်းဆိုပါတယ်။ ၁၉၉၄မှာ အပစ်ရပ်သဘောတူညီမှုရှိရက်နဲ့ ပြည်မတပ်က မထင်ရင်မထင်သလို ၀င်ပစ်တတ်ပါတယ်။ ခုလို တိုက်ပွဲကြီးတွေ ပြန်စတာဟာလည်း ပြည်မတပ်က စတာပါ။ ဒါကြောင့် အပစ်ရပ်ကြစို့ဆိုရုံနဲ့ အပစ်ရပ်လိုက်၊ နောက်မှ ဘွာတေးဆို ပြန်ပစ်လိုက်လုပ်နေရင် ခံရမှာက ကချင်ပြည်သူလူထုသာ ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင်ဗျာ၊ ကချင် တပ်မတော်က သမ္မတကြီးနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ၀င်ထိုင်နေတဲ့ အချိန်မှာ တပ်မတော်က ကိုယ့်သဘောနဲ့ကိုယ် လိုင်ဇာကို ၀င်သိမ်းလိုက်ရင် ဘယ်သူ ဖြေရှင်းပေး မှာလဲ။ ဒီတခါတော့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပြည်မဘက်မှာ ဂုဏ်သိက္ခာရှိ သူတယောက် လောက်တော့ ပါစေချင်ပါတယ်။
ဒါကြောင့် ထာဝရငြိမ်းချမ်းရေးရဖို့၊ အပစ်အခတ်ရပ်စဲဖို့အတွက်ဆိုရင်

၁။ ပြည်မတပ်အနေနဲ့ ကချင်တပ်မတော်ထိန်းချုပ်ရာဒေသမှ ဝေးရာကို နောက်ဆုတ်ရပါမယ်။

၂။ ခိုင်မာတဲ့၊ အာမခံချက်ရှိတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တရပ်ကို ဂုဏ်သိက္ခာရှိတဲ့ တတိယ ပုဂ္ဂိုလ်များ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးနိုင်ရပါမယ်။

၃။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့၊ တန်းတူညီမျှမှုကို အာမခံတဲ့၊ မသမာမှုကင်းတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကနေတဆင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီ ဦးတည်ရပါမယ်။

ထာဝရငြိမ်းချမ်းရေးဆီ ချီတက်ရာမှာ အပစ်ရပ်ရေးဟာ ပထမခြေလှမ်းပါ။ ဒီခြေလှမ်းတောင် ဖြောင့် အောင်မလှမ်းနိုင်ရင် ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါ။ အပစ်ရပ်ရေးနဲ့ ဒုက္ခသည်များ ကိုယ့်ဒေသ ကိုယ်ပြန်နိုင် ရေးက အရေးတကြီး လိုအပ်နေပါတယ်။ ပြည်မမှာ ကျနော်တို့တတွေ လုံလုံခြုံခြုံ ရှိနေကြချိန်၊ ဒုက္ခသည် စခန်းမှာ ကျနော်တို့ သွေးချင်းတွေ ညှိုးညှိုးငယ်ငယ်နဲ့ ဒုက္ခခံနေရပါတယ်။ နာမကျန်း ဖြစ်နေကြပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့ ငြိုငြင်မှု ခံနေရပါတယ်။ တချို့ခမျာ စခန်းဆီတောင် ရောက်မလာနိုင်ဘဲ လမ်းမှာတင် ပြည်မတပ်မတော်သားတွေ ဖမ်းဆီးပြီး မုဒိမ်းကျင့်၊ အရှင်လတ်လတ် မြေမြှုပ်ပစ်တာတွေ ရှိနေပါတယ်။ နမ့်ဖတ်ကာလိုမြို့မှာတောင်၊ တပ်မတော်သားတွေက ကိုယ်သဘော နဲ့ကိုယ်၊ သူများအိမ်ဝင်းထဲ ၀ါးဝင်ခုတ်၊ သစ်ဝင်ခုတ်၊ ၀က်ဝင်ခိုးနဲ့ ဖြစ်ချင်သလို ဖြစ်နေတာပါ။လက်နက် ပြပြီး ဓမြတိုက်နေတာပါ။ ပြည်သူလူထုကို သိစေချင်ပါတယ်။ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး ကိုလည်း တောင်းဆိုလို ပါတယ်။

လက်ရှိအစိုးရနဲ့ တပ်မတော်ရဲ့ လုပ်ရပ်အားလုံးဟာ ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုနေပါတယ်။ သမ္မတဆိုတာလည်း ပြည်သူလူထု ရွေးချယ်ထားတဲ့အတွက် သမ္မတဖြစ်နေတာပါ။ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဖော်ဆောင်ဖို့ တာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာလည်း (ဘယ်လိုလမ်းကြောင်းကပဲ ဖြစ်လာလာ) ခုချိန်မှာတော့ ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေရပါတော့မယ်။ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို လွှတ်တော်ထဲမှာ ထုတ်ဖော်ကြေညာပေးရပါမယ်။ ယခင်စစ်အစိုးရကတော့ ပြည်သူ့သဘောထားမပါဘဲ လုပ်ချင်ရာလုပ်ခဲ့တယ် ဆိုပေမယ့် ခုချိန် ဒီမိုကရေစီအစိုးရခေတ်မှာတော့ အစိုးရလုပ်သမျှဟာ ပြည်သူလူထုက ခွင့်ပြုမှဖြစ်မှာပါ။ ကချင်ဒေသ ကို ထိုးစစ်ဆင်နေတာဟာလည်း ပြည်သူလူထုက ခွင့်ပြုမှဖြစ်ရပါမယ်။ ပြည်သူလူထုက မတိုက်နဲ့၊ နောက်ဆုတ်ဆိုရင် အာဏာတမတ်သားပိုင်ရှင် ကာချုပ်လည်း သူ့တပ်ကို ပြန်ရုတ်ရမှာပါ။ မြစ်ဆုံကိစ္စ မှာ ကျနော်တို့ အသံတသံတည်းနဲ့ ၀ိုင်တွန်းခဲ့ကြသလို ခုလည်း ပြည်သူ့ဆန္ဒအမှန်ကို ဖွင့်ထုတ်ဖို့ လိုနေ ပါတယ်။ ပြည်မရဲ့ နိုင်ငံရေးအလှည့်အပြောင်းမှာ အစိုးရကို တည့်မတ်ပေးနိုင်ခဲ့တဲ့ စတုတ္ထမဏ္ဍိုင် တွေအနေနဲ့လည်း တိုင်းရင်းသားအရေးမှာ အစိုးရလုပ်သမျှ ပြန်ကြားပေးတဲ့ သတင်းပေး သက်သက် ထက် ပိုပြီး တာဝန်ယူဖို့ လိုနေပါပြီ။ တိုင်းရင်းသားရေးရာမှာလည်း အစိုးရကို ထိန်းကြောင်းပေးဖို့ လိုနေပါပြီ။

တောင်ပေါ်မှာ အဖိနှိပ်ခံနေရတဲ့သူတွေက သူတို့ကို အနိုင်ကျင့်နေတဲ့တပ်ဟာ ဗမာတပ်လို့ပဲ မြင်ကြပါ တယ်။ တကယ်လည်း အဲဒီတပ်ထဲမှာ ဗမာတိုင်းရင်းသားများပဲ ပါပါတယ်။ ကြာလာတော့ ဗမာတိုင်းရင်း သားတရပ်လုံးကို အမြင်စောင်းလာပါတယ်။ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်လာရပါတယ်။ ဒါတွေကို သတိထားဖို့ လိုနေပါပြီ။ ကိုယ်ရွေးကောက်ထားတဲ့ အစိုးရ၊ ကိုယ့်တပ်မတော်ကို ကိုယ်ပြန် ထိန်းနိုင်မှ တိုင်းရင်းသာစည်းလုံးညီညွတ်မှုကို နိုင်နိုင်နင်းနင်း ကာကွယ်နိုင်မယ့် အခြေအနေရောက် နေပါပြီ။ လွှတ်တော်ထဲ ၀င်ထိုင်နေတဲ့ မိုးကျရွှေကိုယ် တမတ်သားကို ဖယ်ထုတ်ဖို့လိုရင် ဖယ်ထုတ် ရပါမယ်။ လွတ်တော်အမတ် ၇၅% သဘောတူတဲ့အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၅၀% အထက်ရမှ ဖြစ်မယ်ဆိုတော့ တော်တော်တော့ မလွယ်ပါဘူး။ ပြည်ခိုင်ဖြိုးအမတ်တွေ ကန့်ကွက်ကြဖို့ရှိပေမယ့် ပြည်သူ့လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့အတွက် ပြည်သူတရပ်လုံးက အသံ တသံတည်းနဲ့ တောင်းဆိုရင် ဘယ်လိုအမတ်တွေမှ ငြင်းပယ်ခွင့်မရှိပါ။

ဗြမစိုရ်တရားထွန်ကားတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မှာ တိုင်းရင်းသားအချင်းချင်းကြား မတရားမှုတွေ၊ ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်မှုတွေ ရှိနေတာ ရှက်ဖို့ကောင်းလှပါတယ်။ ယခင်စစ်အစိုးရ လက်ထက် လုပ်ရပ်တွေကတော့ သူ့သဘောနဲ့သူမို့ ဘာမှပြောစရာမရှိပါ။ အခုတော့ ပြောင်းလဲကုန် ပါပြီ။ ပြည်မအစိုးရကိုယ်နှိုက် ကမ္ဘာ့ဇာတ်ခုံပေါ် ၀င်တိုးတော့မယ့် အခိုက်အတန့်ပါ။ လုပ်သင့်တာ လုပ်နေ တာပါလို့ လွတ်ထားလို့ မရတော့ပါဘူး။ ပြည်သူ့သဘောထားအမှန်ကို လိုက်နာတဲ့ အစိုးရ ဖြစ်အောင် ထိန်းကျောင်းနေရပါမယ်။ မြစ်ဆုံအရေးကိုပဲ ဥပမာယူကြရအောင်။ စစ်အစိုးရ လက်ထက် မှာ ပြည်သူ့ ဆန္ဒကို မမေးစမ်းဘဲ ဇွတ်တိုက်လုပ်ခဲ့တာ၊ အခုဒီမိုကရေစီအစိုးရလက်ထက်ကျတော့ ပြည်သူ့သဘော ထားအစစ် ထုတ်ဖော်ပြီး လမ်းကြောင်းမှန်ဘက် ဦးပြန်လှည့်နိုင်ခဲ့ပါပြီ။ တိုင်းရင်းသား အရေး၊ ထာဝရငြိမ်းချမ်းရေးတွေမှာလည်း ကျနော်တို့ လူထုတရပ်လုံး ပိုမိုစိတ်ပါဝင်စားစွာနဲ့ ကိုယ်ရွေးကောက်ထားတဲ့ အစိုးရကို ထိန်းကျောင်းကြရအောင်ပါ။

ကိုယ့်အစိုးရ၊ ကိုယ့်တပ်မတော်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်စားပြုပေးခြင်းဖြင့် တာဝန်ခံ ထိန်းကျောင်း ကြဖို့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို နှိုးဆော်လိုက်ပါတယ်။
ဘုရားသခင်ကောင်းကြီးပေးပါစေ